Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့်အဖွဲ့ကို လက်ခံတွေ့ဆုံ

 
နေပြည်တော် ဇွန် ၂
 
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့နံနက် ၉ နာရီခွဲကကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့်အဖွဲ့ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
 
ရှင်းလင်းတင်ပြ တွေ့ဆုံစဉ် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စီမံကိန်းနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ သဘောတူညီချက်များအပေါ် ဆောင်ရွက်ထားရှိမှု များနှင့် လူမှုဘဝထိခိုက်မှု လေ့လာဆန်းစစ်ချက် (Social Impact Assessment-SIA) တို့သည် အရေးကြီးသည့်အတွက် သေချာစွာစိစစ်ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူများ၏ အကျိုးစီးပွား၊ လူနေမှုဘဝမြှင့်တင်နိုင်ရေး ကိစ္စရပ် များနှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်အခါ များနှင့် ထိခိုက်နစ်နာမှုများ မဖြစ်ပေါ်စေရေး အထူး အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားခဲ့ပြီး စီမံကိန်း အောင်မြင်စွာအကောင်အထည် ဖော်နိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီ ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
 
သတင်းစဉ်