နေပြည်တော် ဇွန် ၁
မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းများကို ယနေ့မှစတင်၍ တစ်ပြိုင်တည်း ပြန်လည် ဖွင့်လှစ်ရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးဇော်ဝင်း တို့သည် ယနေ့နံနက် ၉နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းနှင့် ပျဉ်းမနားမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ကာ သင်ကြားသင်ယူမှု အခြေအနေများကို လှည့်လည် ကြည့်ရှုပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကား ပြောကြားကြသည်။
အခမဲ့ဖြန့်ဝေ ကိုဗစ်-၁၉ ရောဂါ တားဆီး ကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ နိုင်ငံတော်က ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား မျက်နှာအကာ နှင့် နှာခေါင်းစည်းများကိုလည်းကောင်း၊ ကျောင်းသုံး ဖတ်စာ အုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများကိုလည်းကောင်း အခမဲ့ဖြန့်ဝေကာ ယနေ့မှစတင်၍ နိုင်ငံတစ်ဝန်းရှိကျောင်းများကို ပြန်လည် ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ ပျော်ရွှင် ချမ်းမြေ့စွာ ကျောင်းတက် ရောက်လျက်ရှိကြပြီး ဆရာ ဆရာမများကလည်း ကျောင်းနှင့် တစ်နှစ်ကျော် ကြာအောင် ဝေးကွာခဲ့ရသော အတန်းများနှင့် ယမန်နှစ်က တစ်လကျော်ကြာ သင်ယူခဲ့ရသော အထက်တန်းများတွင်ပါ ကျောင်းသင်ခန်းစာများကို အစမှ စတင်သင်ကြား ပေးကြကြောင်း သိရသည်။
သတင်းစဉ်