နေပြည်တော် မေ ၂၆
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့်အတူ ယမန်နေ့ညနေ ၄ နာရီခွဲတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမရှေ့၌ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေးလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ အထောက်အထား အပြည့်အစုံဖြင့် လာရောက် လျှောက်ထားသူများကို နေ့ချင်းပြီးဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၆၀) ကို ကာယကံရှင် တစ်ဦးချင်းထံ ပေးအပ်သည်။
ပန်းခင်းစီမံချက်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကနောင်ခန်းမအတွင်းကျင်းပသည့် ပန်းခင်းစီမံချက် ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ပန်းခင်းစီမံချက်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် မေ ၃ ရက်မှ ၂၀၂ ခုနှစ် နိုဝင်ဘာ ၃ ရက် အထိ ၁၈ လကြာ ဆောင်ရွက်ပေးသွားမည်ဖြစ် ပါကြောင်း၊ ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရသည့်အတွက် ပြည်သူများအနေဖြင့် လိုအပ်သော အထောက်အထားများ မှန်ကန်ပြည့်စုံ စွာ ဖြည့်သွင်းဆောင်ရွက်ပေးကြရန်နှင့် ရရှိပြီးသော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြား သည်။
ယင်းနောက်ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက် နိုင်မည့်ကိစ္စ အခြေအနေများကို ရှင်းလင်းပြောကြား ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စု လူဦးရေစာရင်း ၁၀စောင်နှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ၅၀ တို့ကို ပြည်သူတစ်ဦးချင်း ပေးအပ်ကြရာ(ဝဲပုံ) ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
ယင်းနောက် ပန်းခင်းစီမံချက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ကနောင် အစည်းအဝေးခန်းမတွင် ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက်နှင့် ပတ်သက်သည့် အချက်အလက်များ၊ ဒေသအာဏာ ပိုင်များနှင့် ဆက်စပ်ဌာနများမှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုသည့်အချက်များ၊ လုပ်ငန်း အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင် ရွက် နိုင်ရေး အခြေအနေများကိုရှင်းလင်းပြောကြားသည်။
ညှိနှိုင်းဆောင်ရွက်
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးလှစိုးနှင့် တာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ဆက်စပ်ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်နေမှု များနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်