Skip to main content

သာသနာ့အာဇာနည်ပုဂ္ဂိုလ်ထူးများ စဉ်ဆက်မပြတ် ပေါ်ထွန်းနိုင်ရေး

(၇၃) ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရွေးချယ်ရေး (သဘောရေး)စာမေးပွဲကြီးကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေး ကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပလျက်ရှိရာ စာဖြေသံဃာတော် ၁၇၁ ပါးတို့ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရရှိရန်အတွက် အာဂုံပြန်ဖြေဆိုခြင်း (၅)ဆင့်နှင့် သဘောရေးဖြေ (၅) ဆင့် စုစုပေါင်း (၁၀)ဆင့်တို့ကို အောင်မြင်စွာဖြေဆိုကြရမည် ဖြစ်သည်။ တိပိဋက ရွေးချယ်ရေးစာမေးပွဲကြီးကို ကျင်းပရသည့်ရည်ရွယ်ချက် (၃)ရပ်ရှိသည်။ ဗုဒ္ဓ သာသနာတော်အတွင်း၌ ဘုန်းကံပါရမီထူး၊ ဉာဏ်ပညာထူးနှင့်ပြည့်စုံသော ပုဂ္ဂိုလ်ထူးတို့ကို ဖော်ထုတ်ရေး၊ ပရိယတ္တိသာသနာတော်ကြီးကို အားပေးချီးမြှောက်ရာတွင် အထက်တန်း အကျဆုံးချီးမြှောက်ရေး၊ သာသနာတော်တွင်း၌ ဓမ္မစေတီထိုက်သော ပိဋကတ်အာဂုံဆောင် ပုဂ္ဂိုလ်ထူး ဖော်ထုတ်ရေးဟူသော ရည်ရွယ်ချက်များပင်ဖြစ်သည်။ တိပိဋက ရွေးချယ်ရေး စာမေးပွဲကြီး ပေါ်ပေါက်လာရသည့် သမိုင်းအစမှာ မြန်မာနိုင်ငံတွင် သာသနာတော်နှစ် ၂၅ဝဝ ပြည့်နှစ်အမီ ဆဋ္ဌသင်္ဂါယနာတင်ပွဲကြီးကျင်းပရန် အတွက် နိုင်ငံတော်က အခြားထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံများနှင့် ညှိနှိုင်းရာတွင် ၎င်းနိုင်ငံတို့က ဆဋ္ဌသင်္ဂါယနာ တင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ပိဋကတ်သုံးပုံဆောင် ပုဂ္ဂိုလ်ရှိပါသလားဟု ပြန်လည် မေးမြန်းခဲ့သည်။ သို့ဖြင့် ပိဋကတ်သုံးပုံဆောင် သာသနာ့အာဇာနည်ပုဂ္ဂိုလ်ထူး ဖော်ထုတ်နိုင်ရန်အတွက် ဗုဒ္ဓ သာသနနုဂ္ဂဟ အဖွဲ့ကြီးက တိပိဋကဓရရွေးချယ်ရေးအဖွဲ့ကြီးကို ဖွဲ့စည်းကာ ဆောင်ရွက် ခဲ့ခြင်းဖြင့် သက္ကရာဇ် ၁၃၁ဝ ပြည့်နှစ်တွင် တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲကြီး စတင်ပေါ်ပေါက် လာခဲ့သည်။ စတင်ကျင်းပခဲ့သည့် အချိန်မှစ၍ မျက်မှောက်ကာလ အထိ တိပိဋကဓရတိပိဋကကောဝိဒ သာသနာ့အာဇာနည်ပုဂ္ဂိုလ်ထူး ဆရာတော်ကြီးများ ၁၅ ပါးအထိ ပေါ်ထွန်းခဲ့ပြီး ဖြစ်သည်။ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲကြီးတွင်ဝိနယပိဋကဝိနည်း ပထမပိုင်းနှစ်ကျမ်း (စာမျက်နှာ -၈၅၁ မျက်နှာ)၊ ဝိနည်းဒုတိယပိုင်း သုံးကျမ်း (စာမျက်နှာ-၁၄၀၉ မျက်နှ၁)၊ သုတ္တန္တပိဋက-ဒီဃ နိကာယ်သုံးကျမ်း (စာမျက်နှာ-၇၇၉ မျက်နှာ)၊ အဘိဓမ္မပိဋကအဘိဓမ္မာပထမပိုင်း ငါးကျမ်း (စာမျက်နှာ-၁၃၉၀)၊ အဘိဓမ္မာ ဒုတိယပိုင်း နှစ်ကျမ်း (စာမျက်နှာ-၃၅၉၇ မျက်နှာ) ပိဋကတ် သုံးပုံ စုစုပေါင်းစာမျက်နှာ ၈၀၂၆မျက်နှာကို အာဂုံပြန်ဆိုကြရပြီး သဘောရေးဖြေရာတွင် ပါဠိတော်များနှင့် အဖွင့်အဋ္ဌကထာ၊ ဋီကာကျမ်း များကို ပြဋ္ဌာန်းထားသည်။ သို့ဖြစ်ရာ ပိဋကတ်တော်များကို နှုတ်ဖြင့် အလွတ်ရ အာဂုံဆောင်နိုင်ပြီး သဘောတရားတို့ကိုလည်း နားလည် သိမြင် ကျွမ်းကျင်နှံ့စပ်ကြသည့် သာသနာ့အာဇာနည်ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တို့ကို ဓမ္မစေတီထိုက်သည်ဟူ၍ ချီးကျူးပူဇော်ကြခြင်း ဖြစ်သည်။ တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲမှ ပထမဦးဆုံးပေါ်ထွန်းခဲ့သည့် မင်းကွန်းတိပိဋက ဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသမှာ ကမ္ဘာ့မှတ်ဉာဏ်အကောင်းဆုံး ပုဂ္ဂိုလ်ထူးအဖြစ် ဂင်းနစ်ကမ္ဘာ့ မှတ်တမ်းဝင်ခဲ့သည်။ ဆရာတော်ကြီးသည် ဆဋ္ဌသင်္ဂါယနာတင်ပွဲတွင် ပိဋကတ်စာပေကျမ်းဂန်များအား စစ်ဆေးမေးမြန်းရာ၌ မည် သည့်ကျမ်းစာ၊ စာမျက်နှာနံပါတ်၊ ကြောင်းရေမည်မျှတွင်ပါရှိသည်ဟူ၍ စစ်မေးသမျှကို မဆိုင်းမတွတိကျစွာ ဖြေကြားနိုင်သည့် အပြင် အနက်သဘောတို့ကိုပါ ကျမ်းဂန်များနှင့်အညီ ပြန်လည်ရှင်းလင်း ဖြေကြားနိုင်သည့် အံ့ဩဖွယ်ရာ ပုဂ္ဂိုလ်ထူးပုဂ္ဂိုလ်မြတ်ကြီး ဖြစ် သည်။ ပိဋကတ်သုံးပုံသည် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ၄၅ ဝါပတ်လုံး ဟောကြား တော်မူခဲ့သည့် တရားတော်များကို တပည့်ရဟန်းတော်များက နှုတ်ဖြင့်အဆင့်ဆင့် အာဂုံဆောင်မှတ်သားခဲ့ကြပြီးနောက် စာပေဖြင့် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ရာ ဗုဒ္ဓ သာသနာတော်၏ အသက်သဖွယ်ပင် ဖြစ်သည်။ ပိဋကတ်သုံးပုံတည်ရှိ နေသရွေ့ ဗုဒ္ဓသာသနာ တော်တည်ရှိမည်ဖြစ်ပြီး ပိဋကတ်သုံးပုံ ကွယ်ပျောက်ပါက ဗုဒ္ဓသာသနာတော်လည်း တည်တံ့မည်မဟုတ်တော့သည်ကို သတိချပ်ကာ ပိဋကတ်သုံးပုံတရားတော်များ တည်တံ့ ခိုင်မြဲရေးအတွက် သာသနာ့အာဇာနည်ပုဂ္ဂိုလ်ထူးများ စဉ်ဆက်မပြတ်ပေါ်ထွန်းရေးကို အနာဂတ်ကာလများသို့တိုင် ပခုံးပြောင်း ထမ်းဆောင်ကြိုးပမ်းနိုင်ကြပါစေကြောင်း။ ။