Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်း ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၄

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့‌ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ တီတွတ်ပိုက်လိုင်း အခြေစိုက်စခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်းသို့ရောက်ရှိရာ အင်ဂျင်နီယာချုပ်(ပိုက်လိုင်း)က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး မြန်မာ့‌ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ဦးဆောင်ညွှန်ကြားရေးမှူးက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့ အရင်းအမြစ်များသည် အကန့်အသတ်ဖြင့်သာ ထုတ်ယူရရှိနိုင်သည်ဖြစ်၍ အကျိုးရှိထိရောက်စွာ အသုံးပြုရန်လိုအပ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့ကို ရယူသုံးစွဲနေသည့် အဖွဲ့အစည်းများအသုံးပြုသည့် စက်ပစ္စည်းကိရိယာများ၏ စွမ်းဆောင်ရည်နိမ့်ကျမှုကြောင့်လည်း လေလွင့်ဆုံးရှုံးမှုများစွာဖြစ်ပေါ်နေပါကြောင်း၊ ပိုက်လိုင်းများ အဆင့်မြှင့်တင်လဲလှယ်ခြင်းနှင့် Metering System များ စနစ်တကျမရှိမှုများကြောင့် ဆုံးရှုံးမှုများကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် အစီအမံများချမှတ်ပြီး ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ပြည်တွင်းတွင်သုံးစွဲလျက်ရှိသည့် သဘာဝဓာတ်ငွေ့များ၏ ၈၅ ရာခိုင်နှုန်း ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကဏ္ဍတွင် အဓိကဖြန့်ဖြူးပေးလျက်ရှိပါကြောင်း။

သဘာဝဓာတ်ငွေ့များ လေလွင့်ဆုံးရှုံးမှုမရှိပါက ယခုလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၃၀ ရာခိုင်နှုန်းကျော် ပိုမိုတိုးတက်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ စက်များ၏ စွမ်းဆောင်ရည်ကြောင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စွမ်းဆောင်ရည်ကျဆင်းနေသော ဓာတ်အားပေးစက်များအားပြုပြင်စေခြင်း၊ စွမ်းဆောင်ရည်ပိုမိုမြင့်မားသောစက်များဖြင့် လဲလှယ်အသုံးပြုစေခြင်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်ရေး စီမံကိန်းအသစ်များ တည်ဆောက်ရန် အဆိုပြုလျှောက်ထားလာမှုအပေါ် တွင် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာစက်စွမ်းရည်အပေါ်မူတည်၍ စိစစ်ခြင်းတို့ဖြင့် ထိန်းကျောင်းသွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းပိုက်လိုင်းကွန်ရက်များတွင် သဘာဝဓာတ်ငွေ့ ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် ပိုက်လိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ရမည့် အပိုင်းများသတ်မှတ်ပြီး နှစ်အလိုက်အစားထိုးပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပိုက်လိုင်းများအစားထိုးလဲလှယ်ခြင်း၊ ပိုက်လိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သဘာဝဓာတ်ငွေ့ ထိန်း/ဖြန့် စခန်းများမှ စက်ရုံတစ်ခုချင်းစီသို့ Metering စနစ်အသုံးပြု၍ ဖြန့်ဖြူးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပိုက်လိုင်းစခန်းအတွင်းဝယ်ယူထားရှိသည့် ပိုက်အသစ်များနှင့် ပြန်လည်ဖြုတ်သိမ်းထားသောပိုက်များ ထိန်းသိမ်းထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပိုက်လိုင်းအစားထိုးပြုပြင်ခြင်းလုပ်ငန်းများတွင် ဝယ်ယူထားပြီးဖြစ်သောပိုက်များအပြင် ပြန်လည်ဖြုတ်သိမ်းထားသော ပိုက်များကို စွမ်းအားမြှင့်တင်၍ ဆယ်တင်ပြီးပြန်လည် အသုံးပြုသွားကြရန်နှင့် ပိုက်များအားပျက်စီးမှုမဖြစ်စေရေးအတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်