ရန်ကုန် အောက်တိုဘာ ၄
၂၀၂၅ ခုနှစ် အာဆီယံနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်အတွင်းရေးမှူး၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ နည်းပြဆရာများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် (၈) ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOMS-8) နှင့် ဒုတိယအကြိမ်မြောက် အာဆီယံအားကစား ဝန်ကြီးများအဆင့် အစည်းအဝေး (AMMS-2) တို့က ဆွေးနွေး အတည်ပြု ဆုံးဖြတ်ခဲ့ကြပြီး အာဆီယံအားကစားနေ့ အထိမ်းအမှတ် အားကစားလှုပ်ရှားမှုများကို ၂၀၁၉ ခုနှစ်ကစတင်၍ မြန်မာနိုင်ငံတွင်သာမက အာဆီယံအဖွဲ့ဝင်နိုင်ငံများ အားလုံးတွင် နှစ်စဉ်ကျင်းပခဲ့ကြကြောင်း။
ယခုနှစ်တွင် ထူးထူးခြားခြားအနေဖြင့် အားကစားနှင့်ကာယ ပညာသိပ္ပံ (ရန်ကုန်)မှ အားကစား လူငယ်မောင်/မယ်များအတွက် အားကစားလှုပ်ရှားမှုများအနေဖြင့် ယခုပြိုင်ပွဲများကို စီစဉ်ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် အာဆီယံနေ့အထိမ်းအမှတ် အားကစားလှုပ်ရှားမှုကို ပါဝင်ဆင်နွှဲရန်ရောက်ရှိလာသည့် အားကစားလူငယ် မောင်/မယ်များအနေဖြင့် နိုင်ငံတော်ကအားထားရမည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားအားထုတ်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ပျော်ပျော်ပါးပါး စုပေါင်းလမ်းလျှောက်ကြပြီး ASEAN Quiz အစီအစဉ်ကိုဆောင်ရွက်ကြကာ ဆုရရှိသူများအား ဆုများပေးအပ်သည်။
ယင်းနောက် အမျိုးသား/အမျိုးသမီး မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၈၀၀၊ မီတာ ၁၀၀ လက်ဆင့်ကမ်း ပြိုင်ပွဲများကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိကြသူများကို ဂုဏ်ပြုချီးမြှင့် ငွေများပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင် ပြေးခုန်ပစ် အားကစားသမားများ၏ Event အလိုက် စံချိန်ယူလေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ယခင်ရရှိထားသည့် စံချိန်/စံညွှန်းများထက် ပိုမို ကောင်းမွန်သည့် စံချိန်/စံညွှန်းများရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ရှိ ပြည်ထောင်စုခန်းမ၌ ISPE FC အသင်းသုံးသင်း၏ အုပ်ချုပ်/နည်းပြ အားကစားသမားများအား တွေ့ဆုံအမှာစကားပြောကြားပြီး မင်္ဂလာတောင်ညွန့်မြို့နယ် အောင်ဆန်းအားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံအားကစားရုံ၌ကျင်းပသည့် ဘော်လီဘော နည်းပြသင်တန်းဆင်းပွဲတက်ရောက်ကာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဒိုင်ချုပ်နှင့် သင်တန်းသားများကို ဂုဏ်ပြုလက်ဆောင်များ၊ (A လိုင်စင်၊ B လိုင်စင်နှင့် C လိုင်စင်) များကို ပေးအပ်ကြသည်။
ယင်းနောက် သိမ်ဖြူအားကစားကွင်း၌ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မွေနှင့် Kickboxing အားကစားနည်းမှ ပဏာမလက်ရွေးစင် အားကစားသမားများ၏ လေ့ကျင့်နေမှုကိုကြည့်ရှုပြီး သိမ်ဖြူအားကစားခန်းမပြင်ဆင်ရန် လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်