Skip to main content

ဒီတက္ကသိုလ်ကြီးက ကျွန်တော်တို့ကို လူနေမှုအဆင့်အတန်းနဲ့ လူ့ဘောင်ဘဝဝင်ဆံ့ဖို့ကို အများကြီး သင်ပေးခဲ့ပါတယ်

ဦးသိုက်စိုး (ကျောင်းသားဟောင်း)

မန္တလေးဥပစာကောလိပ်အဖြစ် ၁၉၂၅ ခုနှစ်၌စတင်ဖွင့်လှစ်ခဲ့သည့် မန္တလေးတက္ကသိုလ်သည် ယခု ၂၀၂၅ ခုနှစ်တွင် နှစ်(၁၀၀) ပြည့်မြောက်ခဲ့ပြီဖြစ်သည့်အတွက် မန္တလေးတက္ကသိုလ်၏ နှစ်(၁၀၀)ပြည့် ရာပြည့်သဘင်အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ မန္တလေးတက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မန္တလေးမြို့ပေါ်တွင်သာမက နယ်ဝေးမှ မန္တလေးတက္ကသိုလ်ကျောင်းသား ကျောင်းသူဟောင်းများ၊ ဆရာကြီး ဆရာမကြီးများ စုံစုံလင်လင်တက်ရောက်ခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် ကြကာ ခေတ်အဆက်ဆက်တက္ကသိုလ်ကြီး၏ လွမ်းမောဖွယ်အချိန်ကာလတစ်ခု ကို ပြန်ပြောင်းအောက်မေ့ပြောကြားမှု များ၊ တက္ကသိုလ်ကြီး၏ ရာပြည့်အခမ်းအနားကြီးကို ခမ်းနားစွာကျင်းပနိုင်ခဲ့မှုနှင့် ယခုအခမ်းအနားသို့ တက်ရောက်ခွင့်ရခဲ့ကြသည့် ရင်တွင်းစကားသံများကို‌ မေးမြန်းရေးသား ဝေမျှလိုက်ရပါသည်။

ဦးသိုက်စိုး(ကျောင်းသားဟောင်း)

ဒီရာပြည့်ပွဲကြီးကို မတ်လမတိုင်ခင် ကတည်းကစတင်ပြီး ဆရာကြီး ဆရာမကြီးတွေ၊ ကျောင်းသားဟောင်းတွေ၊ မြို့မိ မြို့ဖတွေဦးဆောင်ပြီး ဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ အခုလို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့တဲ့အတွက်လည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဒီပွဲမှာလည်း မိတ်ဆွေဟောင်း၊ သူငယ်ချင်းဟောင်းတွေကို ပြန်လည်တွေ့ရတဲ့အတွက်လည်း အတိတ်ကိုပြန်လည် တမ်းတမိပါတယ်။ မေဂျာပေါင်းစုံက သူငယ်ချင်းတွေကိုတွေ့ရတဲ့အတွက် လည်းဝမ်းသာမိပါတယ်။ နှစ်(၃၀)လောက် ပြန်ငယ်သွားတယ်လို့လည်းခံစားမိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တဲ့သူငယ်ချင်းတွေလည်းရှိပါတယ်။ ဒီတက္ကသိုလ်ကြီးက ကျွန်တော်တို့ကို လူနေမှုအဆင့်အတန်းနဲ့လူ့ဘောင်ဘဝဝင်ဆံ့ဖို့ကို အများကြီးသင်ပေးခဲ့ပါတယ်။ ဒါကြောင့် တက္ကသိုလ်ရာပြည့်ပွဲ မှာ ပါဝင်ဆင်နွှဲရတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါတယ်။

မောင်ကျော်မိုးဦး

(တတိယနှစ်ကျောင်းသား)

ကျွန်တော်တို့ကျောင်းရဲ့ နှစ်(၁၀၀)ပြည့်ပွဲတော်ကြီးဖြစ်တော့ ပျော်တာပေါ့။ ကိုယ်တိုင်လည်း ပါဝင်ရတဲ့အတွက် အမှတ်တရတွေအများကြီးလည်း ဖြစ်ပါတယ်။ ကျောင်းတော်ကြီးနဲ့ပတ်သက်ပြီး ကျောင်းသားဘဝ အမှတ်တရတွေကတော့ အများကြီးရှိပါတယ်။ ပွဲတော်ကြီးဖြစ်မြောက်ဖို့အတွက် အားလုံးခက်ခက်ခဲခဲနဲ့ ကြိုးစားဆောင်ရွက်တဲ့အတွက် အခုလို အောင်မြင်စွာဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ပွဲတော်ကြီးမှာဆိုရင်ဆိုင်ခန်း တွေ၊ ပြခန်းတွေအများကြီး ပါဝင်ပါတယ်။ ကျွန်တော်တို့တက္ကသိုလ်ရဲ့ ပွဲတော်ကြီး ကတော့ အလွန်ကိုခမ်းနားလှပါတယ်။ အနယ်နယ်အရပ်ရပ်က လာရောက်ပါဝင် ဆင်နွှဲကြတဲ့သူတွေလည်း အများကြီး တွေ့ရပါတယ်။ ဒီလိုအောင်မြင်စွာကျင်းပနိုင်ဖို့ ကူညီပေးကြတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ မျိုးဆက်သစ်ကျောင်းသားတွေအနေနဲ့လည်း တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်လာပြီဆိုရင် တက္ကသိုလ်ကျောင်းသား ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းခံစားကြည့်ကြပါလို့ပြောလိုပါတယ်။

မမိုးဆွေ(ကျောင်းသူ)

ဒီနေ့အခမ်းအနား လာရောက်တက်ခွင့်ရတဲ့အတွက် အလွန်ကိုပျော်ရွှင်မိပါတယ်။ ဒီလိုပွဲကြီးကိုလည်း တစ်ခါမှလည်း မကြုံဖူးတော့ စိတ်လှုပ်ရှားမိပါတယ်။ နောက်ပြီး အစီအစဉ်တွေကလည်း အများကြီး စီစဉ်ဆောင်ရွက်ထားတာကိုလည်းတွေ့ရပါတယ်။ အခမ်းအနားမှာတော့ ကျွန်မတို့အနေနဲ့ ကြိုဆိုရေးအနေ နဲ့ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်မတို့ ကြိုဆိုရေးအဖွဲ့မှာ ၁၆ ယောက်ပါဝင်ပါတယ်။ သူငယ်ချင်းတွေအားလုံး စည်းစည်းလုံးလုံးနဲ့ ဆင်တူဝတ်စုံတွေဝတ်ဆင်ပြီး ပါဝင်ဆင်နွှဲတာဖြစ်ပါတယ်။ နိုင်ငံတော်အဆင့်ပွဲကြီးဆိုတော့ပီတိလည်းဖြစ်ပြီး ဂုဏ်ယူမိပါတယ်။ ကျောင်းမပြီးမချင်း တက္ကသိုလ်ကြီးကလုပ်တဲ့ပွဲတိုင်းမှာ ပါဝင်သွားပါမယ်။ အနယ်နယ် အရပ်ရပ်ကသူငယ်ချင်းတွေ၊ အဝေး ရောက်နေတဲ့ သူငယ်ချင်းတွေအနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ဒီပွဲကြီးကို ပါဝင်ဆင်နွှဲကြစေလိုပါတယ်။

ဒေါ်မြတ်သဇင်လှိုင်

(ကထိက၊ မန္တလေးတက္ကသိုလ်)

ဒီနေ့ပွဲမှာတော့ ကျွန်မတို့ မန္တလေးတက္ကသိုလ်သင်္ချာဌာနအနေနဲ့ ဘက်ပေါင်းစုံကနေပါဝင်ဖြစ်ပါတယ်။ အခမ်းအနားကြီးမှာ စာတမ်းဖတ်ပွဲတွေ၊ ပြပွဲတွေ၊ ကျောင်းသားဟောင်းတွေရဲ့ ဆရာကန်တော့ပွဲတွေလည်းရှိပါတယ်။ နောက်ရက်ကျရင်လည်း စတုဒိသာအကျွေးအမွေးတွေလည်းပါဝင်ပါတယ်။ ဒီလို ကြုံတောင့်ကြုံခဲအခမ်းအနားကြီးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲရတဲ့အတွက် အလွန်ကိုပျော်ရွှင်မိပါတယ်။ ငယ်သူငယ်ချင်းတွေကိုလည်း တွေ့ခွင့်ရတယ်။ အလွန်ကိုဂုဏ်ယူမိပါတယ်။ အခုလိုအခမ်းအနားကြီးကို စည်ကား သိုက်မြိုက်စွာကျင်းပပေးကြတဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ တက္ကသိုလ်မှာတော့ အမှတ်တရတွေအများကြီးရှိခဲ့ပါတယ်။ ပြန်တွေးရင်တော့ အောက်မေ့စရာတွေပါပဲ။ တက္ကသိုလ်ကြီးကို ပြောမပြနိုင်အောင်ချစ်ပါတယ်။ ဒါကြောင့် တက္ကသိုလ်ကြီးနှစ်ပေါင်းများစွာ ဆက်လက်တည်တံ့ခိုင်မြဲပြီး ထူးချွန်ကျောင်းသားတွေလည်း မွေးထုတ်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

ဒေါက်တာသန်းသန်းစိုး

(တွဲဖက်ပါမောက္ခ၊ စီးပွားရေးပညာဌာန)

ဒီအခမ်းအနားကြီးမှာ ကျွန်မတို့ဌာနအနေနဲ့ ပြခန်း(၅)ခန်း တာဝန်ယူပြသထားပါတယ်။ အမှတ်တရပစ္စည်းတွေ လည်းပြသရောင်းချပေးပါတယ်။ ဒီပွဲတော်ကြီးဖြစ်မြောက်ဖို့ အားလုံးကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။ ဒီလိုခမ်းနားတဲ့ပွဲတော်ကြီးမှာ ပါဝင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ပြည်သူတွေအနေနဲ့လည်း ပွဲတော်ကြီးကို လာရောက်ပြီး ပြခန်းတွေ၊ အမှတ်တရ ဓာတ်ပုံတွေနဲ့ အခြားထူးခြားတဲ့ အစီအစဉ်တွေလည်း ထည့်သွင်းထားတဲ့အတွက် လာရောက်ဆင်နွှဲကြဖို့လည်း ဖိတ်ခေါ်ပါတယ်။

ဒေါက်တာ မေသွယ်အေး(ဒုတိယ

ပါမောက္ခချုပ်၊ မန္တလေးတက္ကသိုလ်)

ဒီနေ့မှာတော့ မန္တလေးတက္ကသိုလ်ကြီးရဲ့ ရာပြည့်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါပြီ။ ရာပြည့်သဘင် အခမ်းအနားပြီးတဲ့နောက် အောက်တိုဘာ ၅ ရက်နေ့ဟာလည်းကမ္ဘာ့ ဆရာများနေ့ဖြစ်တဲ့အတွက် ဘာသာရပ်ပေါင်းစုံက ဆရာကြီး ဆရာမကြီး ၆၁၆ ဦးကိုလည်း ဘွဲ့နှင်းသဘင်ခန်းမမှာ အာစရိယပူဇော်ပွဲကျင်းပမှာဖြစ်ပါတယ်။ ကျွန်မအနေနဲ့ အခုမန္တလေးတက္ကသိုလ် မှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ အများစုမရနိုင်တဲ့ အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ ရာပြည့်သဘင်ကြီးကျင်းပဖို့အတွက်ကို တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရခဲ့ပါတယ်။ နောက်ပြီး ကျွန်မအနေနဲ့မန္တလေးတက္ကသိုလ်ကနေကျောင်းပြီးခဲ့တာဖြစ်တဲ့အတွက် အမိတက္ကသိုလ်ကြီးရဲ့ပွဲကို ဆင်နွှဲခွင့်ရတာကိုလည်း အလွန်ကိုဂုဏ်ယူမိပါတယ်။ ဒီအခမ်းအနားကြီးကို အနယ်နယ်အရပ်ရပ်မှာရှိတဲ့ မိဘပြည်သူများအားလုံးနဲ့ ကျောင်းတော်ကြီးက မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသား ကျောင်းသူဟောင်းတွေ လက်ရှိတက်ရောက်နေတဲ့ ကျောင်းသား ကျောင်းသူအားလုံး အမိတက္ကသိုလ်ကြီးရဲ့ ရာပြည့်သဘင်အခမ်းအနားကို ကိုယ်တိုင်လာရောက်ပြီး ပါဝင်ဆင်နွှဲနိုင် ပါတယ်လို့ ဖိတ်ခေါ်ပါတယ်။

 မင်းထက်အောင်(မန်းကိုယ်ပွား)