နေပြည်တော် မေ ၁၅
၂၀၂၁ ခုနှစ်၊ မေလ ၁၅ ရက်နေ့တွင် မြို့နယ်အချို့၌ ဆူပူဆန္ဒပြသူများအား လူစုခွဲရှင်းလင်း ခဲ့ပြီး ပါဝင်သူအချို့အား ဆူပူဆန္ဒပြရာတွင်အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက်၊ အနောက်မြို့ပတ်လမ်းနှင့် ရတနာသီရိလမ်းသွယ် ၄ ၌ ဦးဆောင်သူ(စိစစ်ဆဲ) ဆူပူဆန္ဒပြသူ အင်အား(၄၀)ဦးခန့်မှ ဆူပူဆန္ဒပြနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့က အဆိုပါအခြေအနေအား ထိန်းသိမ်းနိုင်ရေးသွားရောက် လူစုခွဲခြင်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီခွဲအချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူဆန္ဒပြရာတွင်ပါဝင်သူ ကျော်ကျော်လင်း(ခ) အငယ်ကောင် (၂၄)နှစ်(ဘ)ဦးကြည်စိုးပါ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ အား ဖမ်းဆီးရမိခဲ့ပြီး ဆူပူ ဆန္ဒပြရာတွင်အသုံးပြုသည့် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
အလားတူ နံနက် ၉ နာရီ ၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းကားမှတ်တိုင်အနီး၌ ဦးဆောင်သူ(စိစစ်ဆဲ)ဆူပူဆန္ဒပြသူ အင်အား (၂၀)ဦးခန့်မှ ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ထိန်းသိမ်း ဆောင်ရွက်ခဲ့ပြီး အဆိုပါကားမှတ်တိုင်အနီးမှ ဆူပူဆန္ဒပြရာတွင်ပါဝင်သူ လှိုင်သာယာမြို့နယ်၊ အမှတ် (၂၃)ရပ်ကွက်နေ ကျော်သူရ(၂၆)နှစ်(ဘ)ဦးလှမြင့်ပါ ၁၁ ဦးအား ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဆူပူဆန္ဒပြမှုဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်