Skip to main content

မင်းတပ်မြို့နယ် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် လက်နက်ကိုင် ဆူပူအကြမ်းဖက်သူများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်

နေပြည်တော် မေ ၁၅
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ၁ရက်တွင်နိုင်ငံတော်အားအရေးပေါ်အခြေအနေ ကြေညာပြီး နိုင်ငံတော်၏တာဝန် အရပ်ရပ်ကို တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပြဋ္ဌာန်းထားသည့် ကာလ အတွင်း ထိန်းသိမ်းရယူကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်း မှုရှိစေရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက် လျက်ရှိစဉ် ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှု နှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပျက်ပြားစေရန်ရည်ရွယ်၍ ဆူပူအကြမ်း ဖက်သူများက ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ဆူပူဆန္ဒပြမှုများ ဆောင်ရွက်ခြင်း၊ ၎င်းအပြင် အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်၍ အစိုးရဝန်ထမ်းများအား CDM တွင်ပါဝင်လာ စေရန် လှုံ့ဆော်ခြင်း၊ CDM မပြုလုပ်သော အစိုးရဝန်ထမ်းကောင်းများအပေါ် ဖိအားပေး ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အန္တရာယ်ပြုချောင်းမြောင်းတိုက်ခိုက်
ထို့ပြင် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများအဖြစ်ကြေညာ ထားသော CRPH နှင့် ဆက်သွယ်ကာ မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကို တရားမဝင်ဖွဲ့စည်း၍ ရပ်ရွာတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်၊ အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများ၏ အသက်အိုးအိမ်များ ပျက်စီးစေရန် ရည်ရွယ်၍ ဆူပူအကြမ်းဖက်ခြင်း၊ မိုင်းထောင်၊ မိုင်းခွဲပြုလုပ်ခြင်း၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများ မီးရှို့ဖျက်ဆီးခြင်း၊ အစိုးရဝန်ထမ်းများကို ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များ ကို လက်နက်ကြီး၊ လက်နက်ငယ်၊ တူမီးသေနတ်များ၊ လက်လုပ် ဗုံးများ၊ မီးပုလင်းများဖြင့် အန္တရာယ်ပြုချောင်းမြောင်းတိုက်ခိုက်ခြင်း စသော လက်နက်ကိုင်၍ အကြမ်းဖက် တိုက်ခိုက်ခြင်း (Terrorism) ကိုပါ ဆောင်ရွက်လာခဲ့သည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၄ ရက်မှ မေ ၁၃ ရက်အထိ မင်းတပ်မြို့နယ်အတွင်း လှည့်ကင်းပတ်ကင်း ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သူများက စုစုပေါင်း (၇)ကြိမ်ခန့် လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် ချောင်းမြောင်းတိုက်ခိုက် ခဲ့သည်။
ထို့ပြင် မေ ၁၂ ရက်တွင် ဆူပူ အကြမ်းဖက်သူ CDF အဖွဲ့ဝင်များက မင်းတပ်မြို့ စံပြရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် အရှေ့ပြင်ရပ်ကွက်ရှိ မြို့မရဲစခန်းတို့အား တူမီးသေနတ်၊ လက်လုပ်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မင်းတပ်ခရိုင် လျှပ်စစ်ရုံးမှလက်ထောက်အင်ဂျင်နီယာ ဦးရဲအောင်စိုးနှင့် ဦးဝေဖြိုးသန့်တို့နှစ်ဦးအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ဝိုင်းဝန်းတိုက်ခိုက်
၎င်းအပြင် မေ ၁၃ ရက် မွန်းလွဲပိုင်းတွင် မင်းတပ်မြို့ လုံခြုံရေး ဆောင်ရွက်ရန်အတွက် မတူပီမြို့မှထွက်ခွာလာသောလုံခြုံရေးတပ်ဖွဲ့ဝင် များအား မတူပီ-မင်းတပ် ကားလမ်း ၃၅/ ၀ မိုင် အရောက်၌ ( အကြမ်းဖက်သူ အင်အား ၁၀၀ ခန့်က ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။ ထို့အတူ မင်းတပ်မြို့၏အရှေ့ဘက် မီတာ ၂၀၀ ခန့်အကွာ၌ အကြမ်းဖက်သူ အင်အား ၁၀၀ ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များ မင်းတပ်မြို့သို့ လာရောက်နိုင်ခြင်း မရှိစေရန် ပိတ်ဆို့ပစ်ခတ်တိုက်ခိုက် ခြင်း ပြုလုပ်လာခဲ့သည်။ ထိုသို့တိုက်ခိုက်ခဲ့မှုများကြောင့် မော်တော်ယာဉ် တစ်စီး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကာ တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရရှိခဲ့သည်။
မင်းတပ်မြို့နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ၊ ဘာသာရေးခေါင်းဆောင် များဖြင့် ဧပြီ ၂၉ ရက်နှင့် မေ ၁၀ ရက်တို့တွင် ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ဆူပူအကြမ်းဖက်သူများက သဘောတူ လက်ခံခြင်း မရှိဘဲ အကြမ်းဖက်လုပ်ရပ်များကို တိုးမြှင့်ဆောင်ရွက် ခဲ့သည်။ ထိုသို့ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုဖြစ်သော CRPH နှင့်တရားမဝင်ဖွဲ့စည်းထားသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ နောက်ကွယ်မှ ကြိုးကိုင်ဆောင်ရွက်မှုများကြောင့် မင်းတပ်မြို့နယ် အတွင်း တည်ငြိမ်အေးချမ်းမှုများ ပျက်ပြား လာသည့်အပြင် အေးချမ်းစွာ နေထိုင်လိုသော ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကိုပါ ထိခိုက်လာ နိုင်သဖြင့် မင်းတပ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်း သာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး ( Martial Law) အမိန့်ကို မေလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ရသည်။
ထိုသို့ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး မင်းတပ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မင်းတပ်မြို့အတွင်း သွားရောက်စဉ် မေ ၁၄ ရက် နံနက်ပိုင်းတွင် မင်းတပ်မြို့၏ အရှေ့ဘက် မီတာ၂၀၀ ခန့်အကွာ၌ ဆူပူအကြမ်းဖက်သူ အင်အား ၁၀၀၀ ခန့်က လက်နက်ငယ်၊ ၄၀ မမ၊ တူမီးသေနတ်၊ လက်လုပ်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်။ ဖြစ်စဉ်တွင် မော်တော် ယာဉ်ခြောက်စီး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကာ တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ပျောက်ဆုံးခဲ့ ရသဖြင့် ပျောက်ဆုံးလျက်ရှိသော တပ်ဖွဲ့ဝင်များ အမြန်ဆုံး ပြန်လည်တွေ့ရှိရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။ ထို့အတူ မတူပီ-မင်းတပ် ကားလမ်းပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက တူမီးသေနတ်၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းတိုက်ခိုက်မှု စုစုပေါင်း (၅)ကြိမ်ပြုလုပ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် အကြမ်းဖက်သူတစ်ဦးအား တူမီးသေနတ်တစ်လက်၊ လက်လုပ်မိုင်း လေးလုံးနှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်။
ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မင်းတပ်မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်သူများ ဝင်ရောက်နေထိုင် လှုပ်ရှားမှုမရှိစေရေး နေ့ညမပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းစွာနေ ထိုင်လိုသော ပြည်သူများအနေဖြင့်လည်း ပါဝင်ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်းနှင့် အကြမ်းဖက်မှုများ ကို အားပေးခြင်း၊ ပါဝင်ကျူးလွန်သူများနှင့် စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှု များကို ကျူးလွန်ဖောက်ဖျက်သူများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်