နေပြည်တော် မေ ၁၅
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် မေ ၁၄ ရက် နံနက်ပိုင်းတွင် ဖိုးနီကျွန်း(ဗိုလ်ရာညွှန့်ကျွန်း)နှင့် ဘာလားကျွန်း (သံယုတ် ကျွန်း)ကို အမြန်ရေယာဉ်ဖြင့် လှည့်ပတ်ကြည့်ရှုပြီး (115) ကျွန်းသို့ ရောက်ရှိရာ တာဝန်ရှိသူ များက ကျွန်းပေါ်တွင် ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဟိုတယ်စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဟိုတယ်စီမံကိန်းဆောင်ရွက်ပြီးစီးမှု များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ထို့နောက် အဆိုပါကျွန်းအနီးရှိ အောက်ချင်းငှက် များ နားခိုနေထိုင်ရာ ဖြူဖွေးနူးညံ့သည့် သဲသောင်ပြင်နှင့် ကျောက်စရစ်ကမ်းခြေ ဆက်စပ် တည်ရှိပြီး ကျွန်းပတ်လည်တွင် Snorkeling ပြုလုပ်နိုင်သော ရေအောက်သန္တာကျောက် တန်းများ ပေါကြွယ်ဝသည့် ဟန်းနီးမွန်းကျွန်းပတ်လည်သို့ အမြန်ရေယာဉ်ဖြင့် လှည့်ပတ် ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လန်ပိအဏ္ဏဝါအမျိုးသားဥယာဉ်နယ်မြေ အတွင်းရှိ ဆလုံတိုင်းရင်းသားများ နေထိုင်သော ဗိုလ်ချိုကျွန်း၊ မကြုံဂလက်ကျေးရွာရှိ အောင်ခေမာ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံဆလုံတိုင်းရင်းသားများနှင့် ရင်းရင်နှီးနှီးတွေ့ ဆုံနှုတ် ဆက် စကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ငလုံးလက်ဖယ်ကျွန်းရှိ ပြည့်စုံထက်မြင့် ကုမ္ပဏီ လိမိတက်၏ မုတ်ကောင်သားဖောက် ပုလဲမွေးမြူထုတ်လုပ်ရေးစခန်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများက ပုလဲမွေးမြူရေးနှင့်ပတ်သက်၍ လိုက်လံရှင်းလင်းပြသရာ ပြည်ထောင်စု ဝန်ကြီး က တနင်္သာရီတိုင်းဒေသကြီးတွင် ခရီးသွားလုပ်ငန်းအပြင် ပုလဲမွေးမြူရေးလုပ်ငန်း သည်လည်း ဝင်ငွေရရှိသည့်လုပ်ငန်း တစ်ခုဖြစ်သည့်အတွက် ပုလဲလုပ်ငန်း၊ ခရီးသွားလုပ်ငန်း နှင့် ငါးလုပ်ငန်းတို့ကို စနစ်တကျ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် မြိတ်ကျွန်းစုသည် သာယာလှပသော ကျွန်းများနှင့်ကမ်းရိုးတန်းဒေသ၏ ဒေသတွင်းဂေဟစနစ် ကောင်းမွန်မှုကြောင့် ဒီရေရောက် တောများ၊ သန္တာကျောက်တန်းများ၊ ပင်လယ်မြက်များနှင့် ရေသယံဇာတများ ပေါကြွယ်ဝ သည့် အတွက် အဏ္ဏဝါခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်လာနိုင်သည့် ခရီးစဉ်ဒေသတစ်ခုဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)