ရန်ကုန် မေ ၁၄
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် အထည်ချုပ်လုပ်ငန်း အများဆုံးလုပ်ကိုင်သော ရွှေလင်ပန်းစက်မှုဇုန်မှ အလုပ်သမားများ အလုပ်အကိုင် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
စက်မှုဇုန်အထည်ချုပ်စက်ရုံတို့တွင် အရှေ့တောင်အာရှနိုင်ငံများက မှာကြားသော အဝတ်အထည်တို့ကို ချုပ်လုပ်ပေးလျက်ရှိပြီး ပြည်တွင်းငွေကြေးလည်ပတ်မှု သွက်လက်ခြင်းဖြင့် ပြည်ပမှ မှာယူသော ကုန်ပစ္စည်းစီးဆင်းမှု အရှိန်မပျက် ဆက်လက်လည်ပတ်ရန် အလုပ်ရှင်၊ အလုပ်သမားတို့ မျှော်မှန်းလျက်ရှိသည်။
“အလုပ်ရှင်၊ အလုပ်သမားက အလုပ်လုပ်ရတာကို မကြောက်ဘူး။ အလုပ်လုပ်လို့ မရမှာကိုဘဲ ကြောက်ကြတာ။ ပြီးတော့ ငွေကြေးနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံလည်ပတ်ရတဲ့ လုပ်ငန်းဖြစ်တာကြောင့် ငွေကြေးတည်ငြိမ်မှုဟာ အလုပ်သမားတွေ လစာ အဆင်ပြေစေတဲ့အထိ သက်ရောက်မှုရှိပါတယ်။ အထည်ချုပ်လုပ်ငန်းဆိုတာ မေလနဲ့ဇွန်လကို အဓိက ထားပြီး လုပ်ကိုင်ကြတာများတယ်။ မိုးရာသီမှာ ချုပ်လုပ်ဖို့ အမှာစာတွေရှိတယ်။ လုပ်ငန်းစဖို့ အကြောင်းမကြားသေးဘူး။ မြန်မာပြည်ကနေ ဥရောပ၊ အာရှနိုင်ငံအစုံကို အထည်ပစ္စည်းတွေ တင်ပို့ နေတာဖြစ်တဲ့အတွက် ရွှေလင်ပန်းစက်မှုဇုန်က အလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရနေပါတယ်”ဟု ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရွှေလင်ပန်းစက်မှုဇုန်ရှိစက်ရုံပေါင်း ၄၀၀ ကျော်တွင် လုပ်သား ၁၂၀၀၀၀ ကျော်ရှိပြီး စက်ရုံ ၃၀၀ ခန့် လည်ပတ်လျက်ရှိရာ ကျန်သောစက်ရုံ ၁၀၀ ခန့်မှာ အလုပ်သမားအခက်အခဲကြောင့် ရပ်နားထားခြင်း ဖြစ်၍ ထိုရပ်နားမှုတွင် အထည်ချုပ်စက်ရုံ အများဆုံး ပါဝင်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ စက်မှုဇုန်ပေါင်း၂၉ ဇုန်မှ စက်ရုံများ လုပ်ငန်းအဆင်ပြေစွာလည်ပတ်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ဌာနပေါင်းစုံ မှ One Stop Service အနေဖြင့် ရုံးခန်းဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာစက်မှုဇုန်တို့ရှိ စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီရုံးများ၌ စက်ရုံ လုပ်ငန်းရှင်တို့လိုအပ်သော အကူအညီကို ဆောင်ရွက် ပေးလျက်ရှိသည်။ အထည်ချုပ်စက်ရုံ အများဆုံး တည်ရှိရာ လှိုင်သာယာရွှေလင်ပန်းစက်မှုဇုန်၌ စက်ရုံအလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်း ရရှိလျက်ရှိကြောင်း သိရသည်။
သတင်း - ညမ်းသူ၊ ဓာတ်ပုံ - ကနူး