နေပြည်တော် မေ ၁၄
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို မှန်ကန်အကျိုး ရှိစွာ အသုံးချနိုင်ခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများအပါအဝင် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအပေါ်တွင် တည်ဆဲဥပဒေ များနှင့် အညီ လုပ်ကိုင်ခွင့်များ ခွင့်ပြုပေးလျက်ရှိရာ ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်းများအတွက် သတ္တုတွင်းဝန်ကြီးဌာန၏ သဘောထားမှတ်ချက် အရ လည်းကောင်း၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့်ညီညွတ်သည့် အခြားလုပ်ငန်းများအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ သဘောထားမှတ်ချက်အရ လည်းကောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက စိစစ်ခွင့်ပြုပေး လျက်ရှိသည်။
ရှင်းလင်းဆွေးနွေး
မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ သတ္တုလုပ်ငန်းများနှင့် ပတ်သက်၍ လျှောက်ထားလာသော ကိစ္စရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ အစည်း အဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေးဗဟို ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သတ္တုတွင်းဦးစီးဌာနမှတာဝန်ရှိသူများ တက်ရောက် ကြပြီး အစည်းအဝေးတွင် တည်ဆဲ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေများနှင့် အညီ သတ္တုလုပ်ငန်းဆိုင်ရာ လျှောက်ထားရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သဘောထား မှတ်ချက်ဆိုင်ရာများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်ဆိုင်ရာ များ၊ မြန်မာ့သတ္တုတွင်း ဥပဒေအရ ဓာတ်သတ္တု ထုတ်လုပ်ခြင်းနှင့် လုပ်ကိုင်ခွင့်ဆိုင်ရာများ၊ သတ္တု လုပ်ငန်းဆိုင်ရာ လျှောက်ထားလာသော ကိစ္စများ အတွက် နမူနာတင်ပြသည့်လုပ်ငန်း စာတွဲများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။
မြေခွန်ကင်းလွတ်ခွင့်ကာလ (၅)နှစ်သတ်မှတ်
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများပေါ်တွင် သတ္တုလုပ်ငန်းဆိုင်ရာ လုပ်ကိုင်ခွင့် ရရှိပြီးပါက ဓာတ်သတ္တုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် ဖြစ်မြောက်နိုင် စွမ်းလေ့လာခြင်းအပေါ် မြေခွန် ကင်းလွတ်ခွင့်ပြုထားပြီး ဓာတ်သတ္တုထုတ်လုပ် ခြင်းအတွက် မြေခွန်ကင်းလွတ်ခွင့် ကာလ (၅) နှစ် သတ်မှတ်ထားကြောင်း သိရသည်။
သတင်းစဉ်