နေပြည်တော် မေ ၁၄
တပ်မတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများအနက် ပြည်သူလူထု အတွက် အဓိကအကျဆုံး ဖြစ်သော ကျန်းမာရေးကဏ္ဍ မြင့်မားရေးအတွက် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် နယ်လှည့်ဆေးကုသရေး အဖွဲ့များစုစည်း၍ ဒေသခံပြည်သူလူထုများကို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ် သည့် ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ခွဲစိတ်ရန် လိုအပ်သည့် လူနာများ ခွဲစိတ်ကုသ ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၀၃၇၈၄ ဦးနှင့် အတွင်းလူနာပေါင်း ၆၂၄၇၄ ဦးတို့ကို ကုသပေးနိုင် ခဲ့သည်။
၎င်းလူနာများအနက် အကြီးစား ခွဲစိတ်ကုသရန် လိုအပ်သူ ၉၅၀၇ ဦး၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၄၈၃၅ ဦး၊ စုစုပေါင်း ၁၄၃၄၂ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာ ရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၄၉၀၇ ဦးကို ခွဲစိတ်၍ လည်းကောင်း၊ ၇၂၆၄ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၂၁၇၁ ဦးကို အောင်မြင်စွာ မွေးဖွားပေး နိုင်ခဲ့ပြီး ဆက်လက်၍လည်း တပ်မတော် အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ မြင့်မားရန် အတွက် အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်သည်။
ထို့ပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသော ဒေသခံပြည်သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များကလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတွင် တက်ရောက်ဆေးကုသ မှုခံယူနေသော သံဃာတော်များနှင့် ဒေသခံပြည်သူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်နှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသော ဒေသခံပြည်သူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများကို တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းနှင့်အဖွဲ့ဝင်များ ကလည်းကောင်း သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို မေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်