Skip to main content

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် မြောက်ဥက္ကလာပ မြို့နယ်တို့တွင် မူးယစ်ဆေးဝါးမှု၊ လူသတ်မှုနှင့် မုဒိမ်းမှုတို့ကို ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော် မေ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၃) ရပ်ကွက်၊ နဝရတ်လမ်း၊ အမှတ်(၂၃၅)လမ်းရှိ နဂါး(ခ)ဉာဏ်ထက်အောင်(ဘ)ဦးခင်ဦး ၏ နေအိမ်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီ ၁၇ ရက် ည ၁၁ နာရီ ၄၀ မိနစ် ခန့်တွင် ဝင်ရောက်ရှာဖွေရာ ဆေးခြောက်(၂၀၀) ဂရမ်ခန့်၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိမှု အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ - ၁၉(က) အရ ၎င်းအား မေ ၁၃ ရက်တွင် “ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ် ” အမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁၄၀) ရပ်ကွက်၊ ဦးပုညလမ်းပေါ်၌ ဧပြီ ၉ ရက် ည ၇ နာရီခွဲခန့်တွင် ရဝေမင်း(ဘ) ဦးသန်းဇော်ဦး က ထိန်လင်း(ခ) စိန်ကုလားအား အရိုးအသွား ၁၅ လက်မခန့်ရှိ ဓားမ ၁ ချောင်းဖြင် ခုတ်ခြင်းနှင့် အာကာမှ ပုလင်းကွဲဖြင့် ထိုးခဲ့သဖြင့်  ထိန်လင်း(ခ) စိန်ကုလားတွင် ဝဲဘက်လည်ပင်းတွင် ထိုးသွင်းပြတ်ရှဒဏ်ရာ (၂)ချက်ရရှိပြီး  လည်ပင်းတွင် ရရှိသော ထိုးသွင်းပြတ်ရှဒဏ်ရာများကြောင့်  သွေးထွက်လွန်ကာ သေဆုံးခဲ့သည့် အတွက် စစ်အုပ်ချုပ်ရေး(Martial Law)စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ - ၃၀၂(၂) အရ ၎င်းတို့အား မေ ၁၃ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ် ” စီအား အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်အတွင်း အသက် မပြည့်သေးသူ အမျိုးသမီးငယ် တစ်ဦးအား ဧပြီ ၈ ရက် ည ၇ နာရီခန့်တွင် အဓမ္မကျူးလွန်ရန် အားထုတ်ခဲ့သည့် လှစိုး(ဘ)ဦးထွန်းရီ အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ- ၃၇၆(၃)/၅၁၁ အရ ၎င်းအား မေ ၁၃ ရက်တွင် “ အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ”အား အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် အဆောက်အဦနှင့် စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မီးငြိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီး နှောင့်ယှက်မှုများ ဆောင်ရွက်သည့် အပြင် အကြမ်းဖက်မှုများကိုပါ ဆောင်ရွက်လာသဖြင့် စစ်အုပ်ချုပ်ရေးအမိန့်( Martial  Law) အား မတ် ၁၄ ရက်နှင့် ၁၅ ရက် တို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။  စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထား သည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲ ထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်