Skip to main content

နိုင်ငံတော်၏ မေခရိုစီးပွားရေး အခြေအနေများကို စောင့်ကြည့်လေ့လာ သုံးသပ်၍ ဆောင်ရွက်သင့်သည့် အစီအမံများကို ပုံမှန်အကြံပြုတင်ပြနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် မေ ၁၄

နိုင်ငံတော်၏ မေခရိုစီးပွားရေး အခြေအနေဖြစ်ပေါ်မှု ကိန်းဂဏန်း၊ အချက်အလက်များကို စောင့်ကြည့်လေ့လာသုံးသပ်၍ ကာလတိုနှင့် ကာလလတ်အတွက် ဆောင်ရွက်မည့်အစီအမံများ အကြံပြုတင်ပြနိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းဝေး တစ်ရပ်ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနရှိ ဌာနအကြီးအကဲများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခုအခါ နိုင်ငံတော်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကို ကာကွယ်ထိန်းချုပ်ကုစားမှုများအရ လည်းကောင်း၊ နိုင်ငံရေး ဖြစ်စဉ်များအရလည်းကောင်း၊ နိုင်ငံတော်၏ မေခရိုစီးပွားရေး အခြေအနေများအပေါ် တိုက်ရိုက် သက် ရောက်မှုများ ရှိနေပါကြောင်း၊ မေခရိုစီးပွားရေး ညွှန်ကိန်းများတွင် အဓိကကျသည့် GDP၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း၊ ပို့ကုန်သွင်းကုန် အခြေအနေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ငွေကြေး ဖောင်းပွမှုနှုန်း၊ စားသုံးသူ ဈေးဆနှုန်းကိန်း၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု၊ ရငွေသုံးငွေနှင့် ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းမှု၊ အခွန်ကောက်ခံရရှိမှု၊ ပြည်တွင်းပြည်ပချေးငွေ၊ ပုဂ္ဂလိက ကဏ္ဍသို့ ချေးငွေထုတ် ချေးမှုနှင့် ပြန်လည်ပေးဆပ်မှုစသည့် ကိန်းဂဏန်းအချက်အလက်များကို အပတ်စဉ်၊ လစဉ် (၃)လပတ်၊ (၆)လပတ်အလိုက် နှိုင်းယှဉ်၍ အကြံပြုသုံးသပ်ချက်၊ ဆောင်ရွက်သင့်သည့် အစီအမံ တို့ကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် သုံးသပ်တင်ပြရန် လိုအပ်ကြောင်း၊ ဌာနအသီးသီးက စုစည်း ပေါင်းစပ်ဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးများနှင့် ဌာနအကြီးအကဲများက နိုင်ငံတော်၏ မေခရို စီးပွားရေး ညွှန်ကိန်းများ စုစည်းရရှိမှု သုံးသပ်တင်ပြမည့် အစီအစဉ်၊ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခြားဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရမည့် အစီအမံများနှင့် Myanmar Sustainable Development Plan (MSDP) ပါ အချက်များ၊ COVID-19 Economic Relief Plan (CERP)၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် (၃) ရပ်တို့ကို အခြေခံ၍ သုံးသပ်ရန် ကိစ္စရပ်များတို့ကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်သုံးသပ် ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)