Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် ဒေါက်တာပွင့်ဆန်း သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နေသည့် စက်ရုံများ ကြည့်ရှုအားပေး

နေပြည်တော် မေ ၁၄

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး တို့သည်  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဒက္ခိဏသီရိစက်မှုဇုန်၊ မဉ္ဇူသက လမ်းရှိ MYANMAR GOLDEN PRODUCE CO., LTD ၏ သစ်သီးဝလံ တန်ဖိုးမြှင့် ထုတ်လုပ်သည့် စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် MYANMAR GOLDEN PRODUCE CO.,LTD မှ ဒေါ်လဲ့လဲ့ဦးနှင့် တာဝန်ခံတို့က မြန်မာ့စိန်တစ်လုံး သရက်သီးအပါအဝင် သစ်သီးဝလံများ တန်ဖိုးမြှင့်ထုတ်လုပ် ပြီး ပြည်တွင်း ပြည်ပ ဈေးကွက်သို့ တင်ပို့ဖြန့်ဖြူးမှုနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးများက စိုက်ပျိုးရေးကို အခြေခံသည့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ခြင်း များကို အားပေးမြှင့်တင်ရန် လာရောက် ကြည့်ရှုခြင်းဖြစ်ပါကြောင်း၊ ကုန်ကြမ်းစုဆောင်းမှု၊ ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်မှု၊ ပြည်ပတင်ပို့မှု စသည့်ကဏ္ဍများအလိုက် တွေ့ကြုံနေရသည်များကို ဆက်နွယ်သည့်ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း။

 မြန်မာ့ထုတ်ကုန်များ ပြည်ပဈေးကွက်ရရှိရေး၊ ဈေးကွက်ခိုင်မာရေး၊ ဈေးကွက်သစ်များ ရရှိရေးတို့ကို ပြည်ပနိုင်ငံများ၌ ခန့်အပ်တာဝန်ပေးအပ်ထားသည့် စီးပွားရေးသံမှူးများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ ရေရှည်တည်တံ့ ထုတ်လုပ်တင်ပို့ နိုင်ရန်အတွက် စိုက်ပျိုးရေးကဏ္ဍ၌ သွင်းအားစုများ၊ နည်းပညာများကို ပံ့ပိုးပေးနိုင်မည့် တတိယအဖွဲ့ အစည်းပေါ်ပေါက်လာရေးကိုလည်း အားပေးမြှင့်တင်သွားရမည်ဖြစ်ပါကြောင်း မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့သည် နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့ နယ်၊ ကြိမ်အင်းကျေးရွာ မြို့ရှောင်လမ်းရှိ MYANMAR AGRI FOODS CO.,LTD ၏ ဟင်းသီးဟင်းရွက် အခြောက်ခံ စက်ရုံသို့ သွားရောက်ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)