Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် အစည်းအဝေး (၁/၂၀၂၁) သို့ တက်ရောက်

နေပြည်တော် မေ ၁၄

မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် အစည်းအဝေး (၁/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုး တက်ရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများအပေါ် အကာအကွယ်ပေးနိုင်မည့် ဥပဒေများ အခိုင်အမာ ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ယှဉ်ပြိုင်မှုဥပဒေကို ၂၀၁၅ ခုနှစ်တွင် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း၊ ပြည်ပကုန်သွယ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးတို့တွင် အထောက်အကူဖြစ်စေနိုင်သကဲ့သို့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက်လည်း များစွာ အထောက်အကူ ဖြစ်စေနိုင်ပါကြောင်း၊ မိမိတို့ ယှဉ်ပြိုင်မှုကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များသည် စီးပွားရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်မည့် ဆောင်ရွက်ချက်များ ဖြစ်စေရေးကိုလည်း အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ ကော်မရှင်တွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသာမက အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များပါပါဝင်သည့်အတွက် သက်ဆိုင်ရာ နယ်ပယ်အလိုက် အတွေ့အကြုံများကို ပွင့်လင်းစွာ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ကော်မရှင်ပုံမှန်အစည်းအဝေးကို ကျင်းပရာ (၂/၂၀၂၀) ကြိမ်မြောက် ပုံမှန် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ လက်ခံရရှိထားသော တိုင်ကြားမှုများနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ကော်မရှင်ရုံး တာဝန်ရှိသူက ရှင်းလင်းတင်ပြဆွေးနွေးရာ ကော်မရှင်အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကြသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)