နေပြည်တော် မေ ၁၄
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့ ပုလဲသန္တာဟိုတယ် အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ မြိတ်ခရိုင် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း၊ ခရီးသွားလုပ်ငန်းရှင်များ အသင်းနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းတို့မှ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း (၈၀၀) ကျော်အနက် မူလသဘာဝအတိုင်း တည်ရှိနေဆဲ ကျွန်းများနှင့် ပျောက်ကွယ်လုနီး ပါးဖြစ်လာသည့် ပင်လယ်ပျော် မော်ကင်း (ဆလုံ) လူမျိုးစုများ ရှိခြင်းကြောင့် ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုမြှင့်တက်လျက်ရှိသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ပါကြောင်း၊ ဟိုတယ်နှင့်ခရီး သွားလုပ်ငန်းသည် ကဏ္ဍပေါင်းစုံနှင့် ဆက်စပ်လုပ်ကိုင်ရသော လုပ်ငန်းဖြစ်သည့်အတွက် ခရီးသွား လုပ်ငန်း ပြန်လည်ဖွံ့ဖြိုး တိုးတက်လာပါက ဒေသခံများ အလုပ်အကိုင်ရရှိပြီး အလွှာပေါင်းစုံမှ ပြည်သူ များ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုး တက်လာနိုင်ပါကြောင်း၊ ထိုသို့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော် အစိုးရ၊ ပြည်သူ၊ ပုဂ္ဂလိကလုပ်ငန်းရှင် သုံးဦးသုံးဖလှယ်တက်ညီလက်ညီ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ၊ မြိတ်ခရိုင်ဒေသအတွင်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုး တိုးတက်စေရေးနှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးတင်ပြပေး စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မော်ကျော် ကဟိုတယ်ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးမှု ၊ Hotel Guest List Management System ဆောင်ရွက်ထားရှိမှုနှင့် ခရီစဉ်ဒေသအသစ်များ ဖော်ထုတ်နိုင်ရေး ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများ က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကော့သောင်းမြို့ Victoria Cliff ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ကော့သောင်းခရိုင် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း၊ ခရီးသွားလုပ်ငန်းရှင်များ အသင်းနှင့် ဧည့်လမ်းညွှန်အသင်းတို့မှ ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကော့သောင်းခရိုင်အတွင်း ဟိုတယ်နှင့်ခရီးသွား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင်အောင်နှင့် တွေ့ဆုံ၍ ရတနာကျွန်းရှိ Victoria Entertainment Resort အစည်း အဝေးခန်းမ၌ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ဆောင်ရွက်နိုင်ရေး ဆွေးနွေးသည်။
ယင်းနောက် ရတနာကျွန်းရှိ Victoria Entertainment Resort ပြုပြင်မွမ်းမံ ဆောင်ရွက်ထားရှိမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ အမြင့် (၁၂၅) ပေ အထက်တွင် တည်ရှိပြီး သာယာလှပသော ပင်လယ်ပြင်ရှိ ကျွန်းများနှင့် ရေအောက် သဘာဝအလှအပ များကို ကြည့်ရှုခံစားနိုင်သဖြင့် ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိသည့် ခရီးစဉ်ဒေသ တစ်ခုဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)