နေပြည်တော် မေ ၁၄
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဖော်ထုတ် ထိန်းသိမ်းရေးဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲ ဒုတိယနေ့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၊ ယဉ်ကျေးမှုရတနာခန်းမ၊ နေပြည်တော်၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ယနေ့ ဆက်လက်ကျင်းပသည်။
အခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ(ငြိမ်း) ဦးခင်အောင်မြင့်၊ ဒုတိယဝန်ကြီးများဖြစ်သော ဦးအေးထွန်း၊ ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး(ငြိမ်း) ဒေါ်စန္ဒာခင်၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ၊ သတင်းမီဒီယာများ၊ စာတမ်းရှင်များ၊ စိတ်ဝင်စား၍ တက်ရောက်သည့် ပုဂ္ဂိုလ်များနှင့်ဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်သည်။
နံနက်ပိုင်းတွင် စာတမ်းရှင်ဒေါ်ဥမ္မာ (ဒုတိယညွှန်ကြားရေးမှူး၊ ရန်ကုန်ဌာနခွဲ)က “ပုဂံ ဒေသရှိ အနုလက်ရာဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ချက်များအား လေ့လာတင်ပြချက်စာတမ်း”၊ စာတမ်းရှင် ဒေါ်ဇာဇာလင်း (လက်ထောက်ညွှန်ကြားရေးမှူး၊ မြောက်ဦးဌာနခွဲ) က “ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခဲ့သည့် အတွေ့အကြုံများအား ရှင်းလင်းတင်ပြခြင်းစာတမ်း”၊ စာတမ်းရှင် ဒေါ်ခင်ဆွေဝင်း(ဦးစီးအရာရှိ၊ မန္တလေးဌာနခွဲ)က “ပင်းယ-အင်းဝယဉ်ကျေးမှုအမွေ အနှစ်ဒေသ အတွင်း နံရံဆေးရေးပန်းချီရှိသော ရှေးဟောင်း အဆောက်အအုံများ၏ မျက်မှောက်အခြေအနေ စစ်ဆေးခြင်း မှတ်တမ်းစာတမ်း” တို့ကို ဖတ်ကြားကြသည်။
မွန်းလွဲပိုင်းတွင် စာတမ်းရှင်ဒေါ်အိသန္တာ(ဦးစီးအရာရှိ၊ အမျိုးသားပြတိုက်၊ ရန်ကုန်)က ရတနာပုံခေတ်ပြခန်းတွင် ပြသသင့်သောမြို့တည်၊ နန်းတည်သတ္တဌာန ပြယုဂ်စာတမ်း”၊ စာတမ်းရှင် ဒေါ်ဥမ္မာအောင်(အငယ်တန်းအင်ဂျင်နီယာ-၂၊ ပုဂံဌာနခွဲ)က “အိန္ဒိယနိုင်ငံပညာရှင် (ASI) အဖွဲ့နှင့်ပူးပေါင်း၍ ပုဂံအာနန္ဒာဘုရား ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်ချက် သုတေ သနစာတမ်း”၊ စာတမ်းရှင် ဦးရဲရင့်ဦး(ဒုတိယဦးစီးမှူး၊ ပုဂံဌာနခွဲ)က “ပုဂံဒေသရှိကျောက်ဖြင့် တည်ဆောက်ထားသော ဘုရားအမှတ် (၁၂၃၉) နန်းဘုရားအား ဂျာမဏီနိုင်ငံ (Cologne Institute of Conservation Science) အဖွဲ့နှင့် ထိန်းသိမ်းခြင်းလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခဲ့မှု သုတေသနစာတမ်း”နှင့် စာတမ်းရှင် ဒေါ်မှူးစန္ဒြာခင် (ဒုတိယဦးစီးမှူး၊ အမျိုးသားပြတိုက်၊ နေပြည်တော်)က “Safeguarding Measures of Intangible Cultural Heritage” စာတမ်း တို့ကို ဖတ်ကြားတင်သွင်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားသည်။
(သတင်းစဉ်)