Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံ

နေပြည်တော် မေ ၁၄

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး/ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များနှင့် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး က မြန်မာနိုင်ငံရင်းနှီးမြှုပ်မှု ဥပဒေပါပြဋ္ဌာန်းချက်များအရ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီက ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများကို ဆွေးနွေးသည်။ ဆက်လက်၍  ပြည်နယ်အတွင်းရှိ ကုန်ထုတ်လုပ်မှု လုပ်ငန်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်ရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှု ကဏ္ဍ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ အချိန်တိုအတွင်း ရလဒ်ကောင်းများ ရရှိမည့် လုပ်ငန်းများကို ဉီးစားပေး လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ် နှံမှုနှင့် ပတ်သက်သည့် တင်ပြလျှောက် ထားမှုများကို ဥပဒေပြဋ္ဌာန်းချက်ပါ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် စိစစ်ဆောင်ရွက်ပေး ရန် လိုကြောင်း၊ နိုင်ငံသား ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှု လုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက် နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြုစေမည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရေး ဌာနများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ/ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးရန် ကိစ္စများကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဉီးစီးဌာန၊ ပြည်နယ်ဉီးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဝန်ထမ်းအိမ်ယာသို့ လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့် လင်းစွာတွေ့ဆုံကာ အခက်အခဲများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)