Skip to main content

မြို့နယ်အချို့၌ နိုင်ငံတော်ပိုင် အဆောက်အအုံများအား ဆူပူအကြမ်းဖက်သူများက မီးရှိုးဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့

နေပြည်တော် မေ ၁၃

ဆူပူအကြမ်းဖက် လူအုပ်စုများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ နိုင်ငံတော်ပိုင် အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

 

ထိုသို့ လုပ်ဆောင်ရာတွင် မေ ၁၃ ရက် နံနက် ၃ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အမှတ်(၄)ရပ်ကွက် ကျီတော်စုရပ်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့၍ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၂၅ မိနစ်ခန့် အကြာတွင် မီးငြိမ်း သွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံးနောက်တွင် အဖီဆွဲထားသော သွပ်မိုး၊ ထရံကာ၊ အုတ်ခင်းအခန်း တစ်ခန်းနှင့် အဆိုပါ အခန်းအတွင်းမှ စားပွဲခုံနှစ်လုံး၊ သေတ္တာလေးလုံးနှင့် အရန်မီးသတ်ဝတ်စုံများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၄ နာရီ ၃၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ ဝါဆိုရပ်ကွက်ရှိရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူများက မီးရှို့ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့၍ ငါးမိနစ်ခန့် အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံးရှေ့ မှန်ပြတင်းပေါက်အနီးရှိ ပလတ်စတစ်ထိုင်ခုံတစ်လုံးနှင့် သစ်သားကြမ်းခင်း နှစ်ပေပတ်လည်ခန့် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အလားတူ နံနက် ၅ နာရီကို မိနစ် ၅၀ တွင် ပဲခူးမြို့ မဇင်းရပ်ကွက် ရွှေသာလျောင်း လမ်းမတန်းရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးကို အကြမ်းဖက်သူများက အင်ဂျင်ဝိုင်နှင့် ဓာတ်ဆီစိမ်ထားသည့် အဝတ်စတစ်ခုအား အသုံးပြု၍ မီးရှို့ဖျက်ဆီးခဲ့၍ မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွား ရောက် မီးငြိမ်းသတ်ခဲ့ရာ ၁၀ မိနစ် ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါ ရုံးအဝင်နံရံ၌ တပ်ဆင် ထားသည့် နံရံကပ်ပန်ကာတစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

အထက်ပါ ဖြစ်စဉ်များမှအကြမ်းဖက်မှု လုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်