တောင်ကြီး မေ ၁၃
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့် စက်ရုံ၌ ထပ်ဆင့်လွှင့်လုပ်ငန်း များ ဆောင်ရွက်နေမှုများနှင့် စက်ရုံအခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနညောင်ရွှေ မြို့နယ်ရုံး၊ ကလောမြို့ နယ်ရုံးတို့သို့ ရောက်ရှိပြီး လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ပြတိုက်ငယ် ခင်းကျင်းပြသထားရှိမှု၊ ကလေးစာဖတ်ခန်း၊ ကွန်ပျူတာသင်တန်း ခန်းနှင့် ရုံးခန်းများ၊ ရွေ့လျားစာကြည့်တိုက်နှင့် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် တို့ကိုလှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် သက်ဆိုင်ရာ မြို့နယ်များ၏ လူထုအခြေပြု ဗဟိုဌာနများတွင် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဒုတိယဝန်ကြီးသည် ယမန်နေ့က ရှမ်းပြည်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး၌ အရာထမ်း၊ အမှုထမ်းများနှင့် လည်းကောင်း၊ တောင်ကြီးမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌ လည်းကောင်း၊ ရှမ်းပြည်နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၊ ကိုယ်ပွားသတင်းစာတိုက်(တောင်ကြီး)တို့မှ အရာထမ်း/အမှုထမ်းများနှင့် လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)