နေပြည်တော်၊ မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ “ပို့ပို့”အာမခံစိန်ရွှေရတနာဆိုင်အား ခြောက်လှန့် လုယက်ခဲ့သည့် ပြစ်မှုကျူးလွန်သူများကို ကျူးလွန်ရာတွင်အသုံးပြုသည့် လက်နက်ခဲယမ်း၊ သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မေ ၉ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကင်းမြို့နယ်၊ (၁၂)ရပ်ကွက်ရှိ “ပို့ပို” အာမခံ စိန်ရွှေရတနာဆိုင်အား အမျိုးသား ၃ ဦး(စိစစ်ဆဲ)မှ အဖြူရောင် မော်တော်ယာဉ် ၁ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းရှိ အရောင်းဝန်ထမ်းအမျိုးသမီး ၃ ဦးကို ပစ္စတိုဟု ယူဆရသည့် သေနတ်ဖြင့်ချိန်ရွယ်ကာ ရေချိုးခန်းအတွင်းထည့်၍ ပိတ်လှောင်ထားခဲ့ပြီး အဆိုပါဆိုင်အတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၁ ပိဿာ ၃၀ ကျပ်သားခန့်နှင့် ကောင်တာ စားပွဲအတွင်းမှ ငွေကျပ်သိန်း ၄၀ တို့ကို လုယက်ယူဆောင်သွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အဆိုပါ ဖြစ်စဉ်တွင် လုယက်မှုကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ပြစ်မှုကျူးလွန်သူများမှာ အခင်းဖြစ်စဉ်က YGN 7E-7071 Suzuki Swift အဖြူရောင်ယာဉ်အား အသုံးပြုခဲ့ကြောင်း သိရှိခဲ့ရသဖြင့် အလုံမြို့နယ်၊ လွှတ်တော်ဝင်း ဂိတ်(၄) အနီး၌ ယာဉ်မောင်းဖြစ်သူ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်သစ် ရပ်ကွက်နေ ရဲကျော်အောင် (၃၃)နှစ် (ဘ) ဦးအောင်ဆန်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိယာဉ်မောင်း၏ ထွက်ဆိုချက်အရ အခင်းဖြစ်ပွားသည့်နေ့တွင် မော်တော်ယာဉ်ကို သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ)မြောက် ရပ်ကွက်နေ ဖြိုးဝေလင်း(ခ)ကိုဂျက် (၂၉)နှစ် အွန်လိုင်း အင်္ဂလိပ်စာသင်ကြားသူ (ဘ) ဦးချစ်ဝေစိုး နှင့် ညီညီလွင် (ခ) အငယ်ကောင် (၂၄)နှစ် (ဘ) ဦးစန်းလွင်တို့ ၂ ဦးက နံနက် ၁၀ နာရီခွဲမှ ညနေ ၆ နာရီခွဲထိ ငှားရမ်းအသုံးပြုခဲ့ကြောင်း ထပ်မံဖော်ထုတ်ရရှိခဲ့သည်။
ဖော်ထုတ်ရရှိချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေ ၁၂ ရက် မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ)မြောက်ရပ်ကွက်၊ အမှတ်(၉၄)နေ ညီညီလွင်(ခ) အငယ်ကောင် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနှင့်အတူ ဖြိုးဝေလင်း(ခ) ကိုဂျက်တို့ ၂ ဦးအား တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး နေအိမ်အိပ်ခန်းအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ ၁ ပိဿာ ၂၇ ကျပ်သား ၁၁ ပဲ ၅ ရွေး၊ ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၅၀ ၊ သေနတ် တိုက်တံ ၁ ချောင်းနှင့် ဆူပူအကြမ်းဖက်မှု လုပ်ရပ်များတွင် အသုံးပြုသည့် လက်လုပ်ဗုံး ၁ လုံး၊ Handspeaker ၁ ခု၊ ဓာတ်ငွေ့ကာမျက်မှန် ၂ လက်နှင့် အခြားဆက်စပ်ပစ္စည်းများ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖြိုးဝေလင်း(ခ) ကိုဂျက်၏ နေအိမ်အား ဝင်ရောက် ရှာဖွေခဲ့ရာ တစ်ရပ်ကွက်တည်းနေ ထူးဝေအောင်(ခ) တင်ထူးအောင် (၂၉)နှစ် (ဘ) ဦးလှအောင် ပါ အမျိုးသား ၄ ဦးအား ဆူပူအကြမ်းဖက် အဖျက်အမှောင့် လုပ်ရပ်များတွင် အသုံးပြုသည့် ဒီတိုနေတာ ၃ ခု၊ ယူရီးယားဓာတ်မြေဩဇာ ၁ ပြည်ခန့်၊ စကားပြောစက် ၂ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများကို စစ်ဆေးဖော်ထုတ်ချက်အရ လုယက်မှုဖြစ်စဉ်တွင် ပူးပေါင်း ပါဝင်သူများ ဖြစ်သည့် သင်္ဃန်းကျွန်းမြို့နယ်နေ မင်းကိုဦး(ခ)ဘိုဘို (၃၀)နှစ် (ဘ) ဦးထွန်းစန်း ဦးပါ တရားခံ အမျိုးသား ၃ ဦးတို့သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းတို့အား ဖမ်းဆီး ရမိနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိထားသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)