နေပြည်တော် မေ ၁၃
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ကော်မတီဝင်များ၊ ကော်မတီအတွင်းရေးမှူးနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား) တို့တက်ရောက်ကြပြီး ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)မှ ဒုတိယဥက္ကဋ္ဌ(၃) ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)မှ ဒုတိယဥက္ကဋ္ဌ(၃) ဒေါ်စောမြရာဇာလင်းတို့က နှုတ်ခွန်းဆက် စကား ပြောကြားကြသည်။
ထို့နောက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ငြိမ်းချမ်းရေး ဆိုင်ရာကော်မတီ များဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်မှုများအား ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ တာဝန်ရှိသူများက ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များကို တင်ပြကြသည်။ ထိုသို့ တင်ပြချက်များအပေါ် ညှိနှိုင်းရေးကော်မတီအနေဖြင့် သက်ဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။
(သတင်းစဉ်)