Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအားတွေ့ဆုံ

ကယား၊ မေ ၁၃

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် ယနေ့ နံနက်ပိုင်းတွင် ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များကို ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ကယားပြည်နယ်ကို ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် စိတ်ဝင်စားမှုရှိပါကြောင်း၊ အလားအလာ ကောင်းများလည်းရှိသဖြင့် ပြည်နယ်အတွင်း ရင်းနှီး မြှုပ်နှံမှုတိုးတက်စေရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့က ဝိုင်းဝန်းကူညီဆောင်ရွက် ပေးမည်ဖြစ်ပါ ကြောင်း၊ ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေချောမွေ့ စေရေးနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြစ်စေရေးသည် အရေးကြီး ကြောင်း၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီက ခွင့်ပြုထားသည့် လုပ်ငန်းများအပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပြီး လုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီဖြစ်စေရေး ကြပ်မတ်ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ကို အခြေခံကာ ရင်းနှီးမြှုပ်နှံမှု မူဝါဒကို လိုက်လျောညီထွေ ချမှတ်အကောင်အထည် ဖော်လျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ရေး အခြေအနေကောင်းများ ရှိခြင်းကြောင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေးနှင့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ၊ အချိန်တိုတိုအတွင်း ရလဒ်ကောင်းများရရှိမည့် လုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သည့် တင်ပြလျှောက်ထားမှုများကို ဥပဒေပြဋ္ဌာန်းချက်ပါ သတ်မှတ်ကာလအတွင်း ပြီးပြတ်အောင် စိစစ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ နိုင်ငံသား ကုန်ထုတ်လုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြု စေမည့် ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်တစ်ရပ်ဖြစ်ပေါ် လာစေရေးဌာနများက ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးရန်ဖြစ်ကြောင်း၊ လတ်တလော ကာလတွင် သွေးထိုးလှုံ့ဆော်မှုများကြောင့် လူထုအနေဖြင့် ဘဏ်များအပေါ် ယုံကြည်မှု ကျဆင်းကာ ငွေထုတ်ယူမှုများပြားနေပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဘဏ်များနှင့်ပတ်သက်သည့် အစီအမံများ ချမှတ်ထားပြီးဖြစ်သဖြင့် လူထုအနေဖြင့် စိတ်ပူပန်ခြင်း မရှိကြစေရေး ပြည်နယ်လူထုသို့လည်း အသိပေး သွားစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ/ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆက် လက်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးရန် လိုအပ်သည့် ကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ ဝန်ထမ်းအိမ်ယာသို့လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့် လင်းစွာ တွေ့ဆုံကာ အခက်အခဲများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် လွိုင်ကော်မြို့တွင် ရှိနေစဉ် ပြည်နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်အချို့နှင့်လည်း သီးခြားစီတွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော် အစိုးရက ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားကာ လုပ်ငန်းရှင်များက တင်ပြသည့်အခက်အခဲများကို ညှိနှိုင်းဖြေရှင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)