Skip to main content

ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောဖြင့် အပန်းဖြေနိုင်ရန် ဆောင်ရွက်နေ

ရန်ကုန် မေ ၁၂

ရန်ကုန်မြို့နေပြည်သူများ မိသားစုအလိုက် အပန်းဖြေနိုင်ရန် ကိုဗစ်-၁၉ ဒုတိယအကျော့တွင် ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး သတ်မှတ်ချက်နှင့်အညီ ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘောဖြင့် ခရီးသွားပြည်သူများ အပန်းဖြေခဲ့ကြပြီး ယခုအခါတွင်လည်း ရန်ကုန်မြစ်အတွင်း အပျော်စီးသင်္ဘော များဖြင့် မိသားစုအလိုက် အပန်းဖြေနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက သင်္ဘောနှစ်စင်းမှာ တစ်စင်းက စာချုပ်ချုပ်ဖို့ ဆောင်ရွက် နေပြီးတော့ ကျန်တစ်စင်းက လာရောက် ငှားနိုင်ဖို့အဆင်သင့်ရှိနေပါတယ်။ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ လာရောက်ငှားရမ်းကြတာပါ၊ တေဇနဲ့ တိုးပွားသင်္ဘောနှစ်စင်းကို တစ်ရက် ဘယ်လောက်ဆိုပြီး တွက်ချက်ပြီးတော့ တစ်လပုတ်ပြတ်ငှားတာပါ" ဟု ရန်ကုန်မြို့ ပြည်တွင်း ပို့ဆောင်ရေးဌာန မြစ်ဝကျွန်းဌာနခွဲ တာဝန်ခံ ဦးလှဝင်းနိုင်က ပြောသည်။

ရန်ကုန်မြို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနခွဲအနေဖြင့် ရန်ကုန်မြို့မှ ဧရာဝတီတိုင်းဒေသ ကြီးသို့ ကုန်စည်များပို့ဆောင်သည့်နည်းတူ ပုဂ္ဂလိက ရေယာဉ်များကလည်း ကုန်စည်နှင့် ခရီးသည် များကို ပို့ဆောင်ပေးခြင်းဖြင့် ကုန်စည်နှင့် ပို့ဆောင်ရေးကဏ္ဍ ပွင့်လန်းလျက်ရှိသည်။ ထိုနည်းတူ ရန်ကုန်မြစ်အတွင်း အပန်းဖြေခရီးစဉ်ကို ကိုဗစ်-၁၉ ဒုတိယ အကျော့၌ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အညီ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အငှားယာဉ်များနှင့် ပုဂ္ဂလိကပိုင် ရေယာဉ်တို့က နေချင်းပြန်ခရီးစဉ်နှင့် တိုးမြစ်အတွင်းတစ်ညအိပ်ခရီးစဉ်တို့ဖြင့် ရန်ကုန် မြို့တွင်း ခရီးသွားကဏ္ဍကို ဖော်ဆောင်နိုင်ခဲ့သည်။

“မြစ်အတွင်း ခရီးစဉ် ပြန်လည်စတင်ဖို့ ကျွန်တော်တို့ ပြင်ဆင်နေတာရှိတယ်။ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးဌာနပိုင် ရေယာဉ်ကို အရင်လိုငှားရမ်းပြီး မြို့ခံပြည်သူတွေ တစ်ရက်တာ အပန်းဖြေနိုင် အောင် ဆောင်ရွက်ဖို့လည်း ရှိပါတယ်။ ခရီးသွားလုပ်ငန်းဆိုတာ ဟိုတယ်လုပ်ငန်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ရတာကြောင့် ရန်ကုန်မြို့ရဲ့ ခရီးသွားကဏ္ဍ လည်ပတ်တာဟာ ကျန်တဲ့စီးပွားရေး ကဏ္ဍလည်း အရှိန်ရစေမှာပါ။ လေကြောင်းလိုင်းတွေ ပွင့်လာတာနဲ့အမျှ ခရီးသွားအပန်းဖြေ ကဏ္ဍတွေလည်း ဖော်ဆောင်ဖို့ အရှိန်ရစေပါတယ်။ နိုင်ငံတကာခရီးသွားကဏ္ဍကတော့ အချိန်ယူရ မယ်လို့ထင်တယ်။ ခရီးသွားအခြေခံကောင်းတွေရှိတဲ့ နိုင်ငံဖြစ်တဲ့အတွက် စီးပွားရေး အချက်အချာ ကျတဲ့ ရန်ကုန်မြို့ရဲ့ ခရီးသွားအပန်းဖြေကဏ္ဍ အောင်မြင်ရင် ကျန်တဲ့ဒေသတွေလည်း အောင်မြင် မှာပါ” ဟု ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးအောင်း နောင်းက သူ၏အမြင်ကို ပြောသည်။

ပြည်တွင်း ခရီးသွားလုပ်ငန်းပွင့်လန်းခြင်းသည် ဒေသတွင်းဝင်ငွေတိုးပွားစေသည့်အပြင် နိုင်ငံ၏ ဝင်ငွေကို ပုံမှန်ရရှိစေသောကြောင့် ကိုဗစ်- ၁၉ ကမ္ဘာ့ကပ်ရောဂါကိုရင်ဆိုင်နေရချိန်၌ ကျန်းမာရေး စည်းကမ်းသတ်မှတ်ချက်နှင့်အညီ နိုင်ငံအချို့တွင် ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ခဲ့ရာ မြန်မာ နိုင်ငံ၏ စီးပွားရေး အချက်အချာကျရာ ရန်ကုန်မြို့တွင်လည်း မြို့ပြနေပြည်သူများ အပန်းဖြေ အနားယူနိုင်ရန် ခရီးသွားလုပ်ငန်းကို သက်ဆိုင်ရာဌာနများက အားပေးကူညီလျက်ရှိရာ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးဌာနမှ ရေယာဉ်များငှားရမ်းရန် အသင့်ရှိနေပြီး ခရီးသွားကဏ္ဍ ဖော်ဆောင် သော အသင်းအဖွဲ့များကလည်း ရန်ကုန်မြစ်အတွင်း အပန်းဖြေခရီးသွားလုပ်ငန်းများ ပြန်လည် သက်ဝင်ရန် ကြိုးပမ်းလျက်ရှိသည်။

ညိမ်းသူ