Skip to main content

တိုင်းဖျက်ပြည်ဖျက် ဆိုးရွားသည့်လုပ်ဆောင်ချက်

ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြု၍ စာသင်နှစ်တစ်နှစ် ဆုံးရှုံးသွားခဲ့ရပြီးနောက် အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်ပြင်ဆင်နေပြီဖြစ်သည်။ ရောဂါကူးစက်ပျံ့နှံ့မှု ရှိနေသေးသည့် တိုင်အောင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားမှု ကာလရှည်ကြာ ဆုံးရှုံးနစ်နာမှုမရှိအောင် ဆောင်ရွက်ပေးခြင်းလည်း ဖြစ်သည်။ အကယ်၍သာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအခြေအနေ စိုးရိမ်ဖွယ်ဖြစ်လာလျှင်လည်း စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို ပြန်လည်စဉ်းစားသုံးသပ်မှုပြုလုပ်ရလိမ့်မည်ဟု ယုံကြည်မိသည်။

မြန်မာနိုင်ငံတွင် လူဦးရေထူထပ်သိပ်သည်းမှု အမြင့်မားဆုံး ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း အားလုံး၌ ကျောင်းသား ကျောင်းသူ ဦးရေ တစ်သန်းကျော် ဝင်ရောက်ပညာသင်ယူကြတော့မည်ဖြစ်သည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာလည်း သန်းနှင့်ချီသည့် ပညာသင်အရွယ်ကလေးများ ပညာသင်ယူခွင့် မဆုံးရှုံး စေရန် မိဘနှင့်အုပ်ထိန်းသူများက အထူးအလေး ပေးဆောင်ရွက်ကြရန်လိုသည်။ အခမဲ့ပညာရေး ဖြစ်သည့်အတွက် မည်သည့်ငွေကြေးမျှ ကုန်ကျစရာမလို။ ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အတွက် ပါးစပ်နှနှာခေါင်းစည်း၊ မျက်နှာကာသည့် Face Shield တို့ကိုပါ နိုင်ငံတော်ကအခမဲ့ ထောက်ပံ့ပေးထားရာမိမိတို့နေထိုင်ရာ နယ်မြေထဲရှိ ကျောင်းများ၌ ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း အပ်ဖြစ်အောင် အပ်ပေးကြရန်သာ လိုအပ်သည်။

ယမန်နှစ်က ကိုဗစ်-၁၉ရောဂါကြောင့် ကျောင်းများပိတ်ခဲ့ရပြီးနောက် ယခုနှစ်တွင်မူ ကိုဗစ်က အရှိန်တန့်နေသယောင်ရှိသော်လည်း အဖျက်အမှောင့်များ၏ ခြိမ်းခြေခြောက်နှောင့်ယှက်မှုများက ဖြစ်ပေါ်လာသည်။ စင်စစ်အားဖြင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတို့မှ ကလေးငယ် တို့၏ ပညာသင်ကြားမှု အပေါ် ခြိမ်းခြောက်စကား ဆိုကြခြင်းမှာမူယဉ်ကျေး၍ အထက်တန်းကျ သည့် မည်သည့် နိုင်ငံသားမဆိုလက်ခံမည်မဟုတ်သည့် နိမ့်ကျလှသော အပြုအမူပင်ဖြစ်သည်။ ဆင်ခြင်တုံတရား ကင်းမဲ့နေပြီဖြစ်သော အစွန်းရောက်အတွေးအခေါ်မျိုးဖြင့် ခြိမ်းခြောက် နှောင့်ယှက်သူက နှောင့်ယှက်၊ နိုင်ငံရပ်ခြားတွင် နေထိုင်သူ ကျောင်းနေအရွယ် ကလေးမရှိသူ ကိုယ့်ကလေးများကို နိုင်ငံတကာကျောင်း၊ ပုဂ္ဂလိကကျောင်းများ၌ ထားနေသူတချို့ ကလည်း အလိုတူအလိုပါသံယောင်လိုက်ကာ ဘေးတီးပေးနေကြသည်ကိုလည်း တွေ့ရသည်။ အစိုးရ ဆန့်ကျင်ရေးဟုဆိုကာ ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အရေးကို လိုက်လံ ပိတ်ပင် တားဆီးနေကြခြင်းမှာ ကလေးများအပေါ် အမြတ်ထုတ်ရန် ကြံရွယ်သည့် ရက်စက်ယုတ်မာမှု သက်သက်မျှသာဟု ဆိုရမည်ဖြစ်သည်။

“မိမိတို့အနေဖြင့် ကျောင်းသား ကျောင်းသူများ ပညာတတ် မြောက်စေရန်အတွက် ရည်ရွယ် ွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်ရိုးညွှန်းတမ်းများနှင့်ပတ်သက်၍ ယင်အစိုးရများက ရေးဆွဲအတည် ပြုခဲ့သည့် အမျိုးသားပညာရည်မြင့်မားရေး အနှစ်(၃၀) နှစ်ရှည် စီမံကိန်းအတိုင်းဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ စာသင်ကျောင်းများ ပြန်လည်မဖွင့်လှစ်နိုင်ရေး နှောင့်ယှက်ဆောင်ရွက်နေမှု များသည် တိုင်းပြည်ဖျက်နေသည့်လုပ်ရပ်ဖြစ်ပြီး ဆိုးရွားသော လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ အဆိုပါ အဖျက် လုပ်ငန်းဆောင်ရွက် နေမှုများကို ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ်သွားရန် လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၀/၂၀၂၁) တွင် ပြောကြား ခဲ့သည်။

အခြေခံပညာကျောင်းနေအရွယ် ကလေးများသည် များစွာ ငယ်ရွယ်နုနယ်သေးသည့် ကလေးများ ဖြစ်သည်။ ကလေးသူငယ်တို့၏ အခွင့်အရေးများကို ဖြည့်ဆည်းပေးရန် လိုအပ်သလို ကလေးငယ် တို့၏ ကိုယ်ရောစိတ်ကိုပါ ထိခိုက်မှုမဖြစ်ပေါ်စေရန် ဝိုင်းဝန်းစောင့်ရှောက်ကြရမှာလည်း ဖြစ်သည်။ တိုင်းပြည်ပျက်စီးရေး ကြံစည်လုပ်ဆောင်နေမှုများအနက် ကလေးငယ်များကို ဦးတည်သည့် အဖျက် လုပ်ရပ်မှာမူ အဆိုးရွားဆုံးဖြစ်သည့်အလျောက် ထိထိရောက်ရောက် ထိန်းသိမ်းကာကွယ်မှုတွင် ပြည်သူအားလုံးပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော် အပ်ပါကြောင်း။ ။