Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ရန်ကုန်တိုင်းဒေသကြီး Myanmar Shopping Mall နှင့် HAGL စီမံကိန်း သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁၂

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပိုင် ဆူးလေဘုရားလမ်းရှိ ယခင် Myanmar Shopping Mall အဆောက်အဦသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦကို ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု လုပ်ငန်းဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် အဆောက်အဦများ ချို့ယွင်းပျက်စီးမှုမရှိစေရေး ထိန်းသိမ်း စောင့်ရှောက်ရန် မှာကြားသည်။

အဆိုပါ အဆောက်အဦသည် ရန်ကုန်တိုင်းဒေသကြီး ဆူးလေဘုရားလမ်း၊ ကျောက်တံတား မြို့နယ် တွင် တည်ရှိပြီး အလျားပေ (၁၀၀) အနံ ပေ (၆၀) သုံးထပ် အဆောက်အဦနှင့် အလျား ပေ (၄၀) အနံပေ (၅၀) သုံးထပ်သိုလှောင်ရုံ အဆောက်အဦ ပါဝင်ပြီး နှစ်ရှည် ငှားရမ်းခွင့်ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပိုင် မြေပေါ်တွင် ဘဏ်လုပ်ငန်းဆောင်ရွက်နေသည့် Myanmar Tourism Bank ရုံးနှင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် (MTF) ရုံးကိုလည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးရုံးခွဲတွင် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Hoang Anh Gia Lai Myanmar Co.,Ltd မှ နိုင်ငံတော်ပိုင် မြေနေရာကို B.O.T စနစ်ဖြင့် ငှားရမ်းဆောင်ရွက်လျက်ရှိသည့် HAGL Myanmar Center Project စီမံကိန်းသို့ သွားရောက်ကြည့်ရှုရာ စီမံကိန်းတာဝန်ခံက စီမံကိန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်း လိုအပ်ချက်များ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းသည် မြန်မာနိုင်ငံ၏ Landmark စီမံကိန်းဖြစ်သည့်အတွက် ဝန်ကြီးဌာနအတွက် ဂုဏ်ယူဖွယ် ရာဖြစ်ပါကြောင်း၊ လူအများသွားလာ လည်ပတ်သည့် နေရာတစ်ခု ဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းနှင့်လုံခြုံရေးကို အထူးအလေးထား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် စီမံကိန်း တွင်ပါဝင်သည့် Melia ဟိုတယ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများက ဟိုတယ်လုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းပြသသည်။

အဆိုပါ စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်တွင် တည်ရှိ ပြီးမြေဧရိယာ (၁၈ ဒသမ ၁၃၁) ဧကပေါ်တွင် နိုင်ငံတကာအဆင့်မီဟိုတယ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အဦများပါဝင်သော စီမံကိန်းဖြစ်သည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် Inya Lake Hotel ရှိ Elephant အစည်းအဝေးခန်းမ၌ မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေးလုပ်ငန်း အဖွဲ့ဝင်များနှင့်တွေ့ဆုံဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် စီမံအုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြန်လည်ဖွင့်လှစ်ပေးနေပြီ ဖြစ်ပါကြောင်း၊ တရုတ်ခရီးသွား ဧည့်သည်များ ဝင်ရောက်လာပါက နိုင်ငံတော်အတွက် ဝင်ငွေရရှိခြင်းနှင့်အတူ ဒေသတွင်း အလုပ် အကိုင် အခွင့်အလမ်းများလည်း ရရှိနိုင်မည်ဖြစ်သဖြင့် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းနှင့်အညီ တရုတ်ခရီးသွား ဧည့်သည်များ စနစ်တကျ ဝင်ရောက်လာနိုင်ရေးရှေးရှု၍ ဖြစ်နိုင်ခြေရှိသော နည်းလမ်းများဖြင့် ခရီးသွားမြှင့်တင်ရေး ဆောင်ရွက်နိုင်ရေးကို တက်ရောက်လာသူများအနေဖြင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေးအဖွဲ့ဝင်များက တရုတ် ခရီးသွားဧည့်သည်များ အဆင်ပြေချောမွေ့စွာ ဝင်ရောက်လည်ပတ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြရာ  ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

(သတင်းစဉ်)