Skip to main content

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိ

နေပြည်တော် မေ ၁၁ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆူပူအကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများ ဆက်လက်ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မေ ၁၀ ရက် မွန်းလွဲ ၁၁ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ မင်းကွက်(၂)ရပ်ကွက်ရှိ ဖြူစင်အလင်းရောင် ပညာဒါန ဘုန်းကြီးကျောင်း၌ ဆူပူအကြမ်းဖက်သူများ ခိုအောင်းနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ကျောင်းထိုင်ဆရာတော် ဉူးဩဘာသ(၄၉)နှစ်(၁၄) ဝါ (ဘ)ဦးစောမောင်အား တွေ့ရှိရပြီး ကျောင်းတိုက်အတွင်းမှ ကိုနေပိုင် အမည်ပါ ကတ္ထူပုံး(၅)ပုံး အတွင်းမှ ဖိုက်ဘာဦးထုပ် ၃၀ ၊ ဟန်းစပီကာ ၁၀ လုံး၊ ပလပ်စတစ်မျက်မှန် ၂၄ ခု၊ ဓါတ်ငွေ့ကာ နှာခေါင်းစည်း ၁၄ ခု၊ လက်အိတ် ၂၅ စုံ၊ Air Filter ၃ ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရ သည်။ အလားတူ မွန်းလွဲ ၁၂ နာရီခွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းတာဝန်ဆောင်ရွက်နေစဉ် တောင်ကြီး-ကျိုင်းတုံကားလမ်း ဝင်းဘိုကျေးရွာ(လမ်းခွဲ)အနီး အရောက်၌ တောင်ကြီးမြို့ဘက်မှ ကျိုင်းတုံမြို့တွင်းဘက်သို့ (၈)မိုင်တံတားဖြူကျေးရွာနေ ရာဇာ (၂၈)နှစ် (ဘ)ဦးဝေဆာ မောင်းနှင်ပြီး ပန်ကျင်ကျေးရွာနေ လီမြှာ(ခ)လီဆွေ(၂၅)နှစ် (ဘ)ဦးအာယေး ပါအမျိုးသား ၃ ဦးလိုက်ပါလာသည့် ယာဉ်ကို ရပ်တန့်စစ်ဆေးခဲ့ရာ ယမ်းတောင့် ၃၉၆ တောင့်အား သိမ်းဆည်းရမိခဲ့သည်။ ယင်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မွန်းလွဲ ၁ နာရီတွင် ယာဉ်မောင်း ရာဇာ၏ နေအိမ်အား ဆက်လက်၍ သွားရောက်ရှာဖွေရာ ရာဇာ၏ ဇနီး မမိညူး(၂၈)နှစ် (ဘ) ဦးလော်ဂေါင်းကို တွေ့ရှိရပြီး နေအိမ်အတွင်းမှ ယမ်းတောင့် ၂၅၈ တောင့်တို့ကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ အလားတူ မွန်းလွဲ ၁၂ နာရီခွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နာမြို့နယ်၊ ရွာသာ ကုန်းကျေးရွာ၏ အရှေ့တောင်ဘက်ရှိ လှည်းလမ်းဘေး ချုံအတွင်း၌ အရှည် ၄ ပေခန့် လက်လုပ် သေနတ် ၃ လက်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ အလားတူ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (ဋ)ရပ်ကွက်၊ ဂရုဏာ(၃)လမ်းနေ ဦးကျော်လွင် ပိုင်ဆိုင်သည့် (၁၈)ရပ်ကွက်၊ ဂန္ဓမာလမ်းရှိ “အောင်မင်းဟိန်း” စက္ကူစက်ရုံအဟောင်းအား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လက်လုပ်ဗုံး ၁ လုံး၊ စကားပြောစက် ၂ လုံး၊ ဗျောက်အိုး ၁၂ လုံး၊ ယမ်းမီးခြစ် ၄ ဘူး၊ ဓာတ်ငွေ့ကာ ၃ ခု၊ ဓာတ်ငွေ့ကာ မျက်မှန် ၁ ခု၊ ဖိုက်ဘာဦးထုပ် ၃ လုံး၊ အနက်ရောင်ဒူးကာ ၄ စုံ၊ တံတောင်ကာ ၂ စုံ၊ ကျည်ကာအင်္ကျီ ၆ ထည်၊ မျက်နှာဖုံးစွပ် ၁ ခု၊ လက်အိတ် ၁ စုံ၊ မီးစာတပ်ဆင်ထားသော ဓာတ်ဆီပုလင်း ၁၄ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ သည်။ ထို့အတူ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၊ (၂)ရပ်ကွက်၊ နီပါတန်းရပ်နေ အောင်အောင်ဦး (၃၀)နှစ် (ဘ) ဦးသိန်းနိုင်၏ နေအိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် စနက်တံပါ လက်လုပ်ဗုံး ၁ လုံး၊ ဖိုက်ဘာဦးထုပ် ၁၄ လုံး၊ ဂျင်ကလိ ၃ ချောင်း၊ လေးခွ ၁ လက်၊ ပိုက်ဆက်ကော်ဘူး ၁ ဘူး၊ ဗြောက်အိုး ၁၀ ခုပါ ၆၈ ဘူး၊ ကန့်အနည်းငယ်ထည့်ထားသည့် အချိုရည်ဘူးခွံ ၁၊ ကန့် ၅၀ ကျပ်သားခန့်ပါ ပလပ်စတစ် ၁ ထုပ်၊ အလျား ၃ လက်မခန့်ရှိ ဗြောက်အိုး ၁ လုံး၊ အလျား ၃ လက်မခန့်ရှိ PVC ပိုက် ဖြစ်ပိုင်း ၆ ခု တို့နှင့်အတူ ထိန်းသိမ်းရမိခဲ့သည်။ အလားတူ ညနေ ၄ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ကမ်ရိပ်သာလမ်း၊ ပုဂံလုံးကျွန်းရှေ့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ပိတ်ဆို့စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၈၈)ရပ်ကွက်နေ စိုးပိုင်(၃၈)နှစ် (ဘ)ဦးတင်ဝင်း မောင်းနှင်ပြီး သာကေတမြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ရန်ပြေ (၆)လမ်းနေ ဒေါ်အောင်သိန်းသန်းဌေး(၅၂)နှစ် (ဘ)ဦးဖေသန်း စီးနင်းလိုက်ပါ လာသည့် ယာဉ်၏နောက်ဖုံးအတွင်းမှ စစ်ကျောပိုးအိတ် ၄၃ လုံး၊ ဝဲ/ယာစစ်သိုင်းကြိုး ၄၇ စုံ၊ ပစ္စည်းပြေစာ ၁ စောင်၊ ဖုန်း ၁ လုံး၊ ဒေါ်အောင်သိန်းသန်းဌေးအမည်ပါ နိုင်ငံသားစိစစ်ရေးကဒ် ၁ ခု၊ ATM ကဒ် ၂ ခုတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေါ်အောင် သိန်းသန်းဌေး နေအိမ်ကို ဆက်လက်ဝင်ရောက်ရှာဖွေရာ နေအိမ်၌ ၎င်း၏သမီးဖြစ်သူ မရွှန်းလဲ့ရည် (၂၄)နှစ်(ဘ)ဦးဆန်းမင်းအား တွေ့ရှိရပြီး နေအိမ်အတွင်းမှ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပြုလုပ်ဆဲ လက်လုပ်မိုင်း ၂၄ လုံး၊ မီးစာကြိုး ၃၃ ချောင်း၊ ဆားကစ်ပြား ၅ ခု၊ မိုးကာ ၁၀၀ ၊ နိုင်ငံတော် ဆန့်ကျင်ရေးစာသားပါ ဗီးနိုင် ၆ ခု၊ ခေါက်ဆွဲခြောက်၊ ကွေကာအုပ်၊ အဝတ်အထည်များ ထည့်ထား သည့် ဆာလာအိတ် ၄ လုံး၊ အစိမ်းရောင်စစ်ဂွမ်းကပ် ၁ ထည်တို့အား ထပ်မံထိန်းသိမ်းရမိခဲ့သည်။ အလားတူ ယနေ့ နံနက် ၁ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒရပ်ကွက်၊ ၁၁၅ လမ်း၊ ၅၅ လမ်းနှင့် ၅၅(A)လမ်းကြားရှိ “အောင်ချမ်းသာ”ဘီယာဆိုင်အား သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ ဆိုင်ရှင်ဖြစ်သူ ထက်အောင်မျိုး (၃၆)နှစ်(ဘ)ဦးခင်မောင်ထွေးကို မတွေ့ရှိရဘဲ ဆိုင်အတွင်းမှ ကျော်လှပါ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးတို့ကို ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်လုပ်မိုင်း ၁၂ လုံး၊ ဂျင်ကလိ ၃၂ ချောင်း၊ နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ ပိတ်စအထည် ၁၀၀ တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် နံနက် ၁ နာရီခွဲ၌ ထက်အောင်မျိုး၏ နေအိမ်ဖြစ်သော အဆိုပါရပ်ကွက်ရှိ အိမ်အမှတ် (၂၀-က)ကို ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ လက်လုပ်သေနတ် ၁ လက်နှင့်တူ ထိန်းသိမ်းရမိခဲ့ သည်။ အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကျောင်းအိုး ရပ်ကွက်နေ ရန်အောင်ဗလ(ခ)နောင်နောင်(၃၃)နှစ်(ဘ)ဦးထိန်ဝင်း၏ နေအိမ်ကို သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းအား နေအိမ်အတွင်းမှ ဆူပူအကြမ်းဖက် ဆန္ဒပြရာတွင် အသုံးပြုသည့် ဂျင်ကလိ ၃၈ ချောင်း၊ လေးခွ ၂ လက်၊ အခြားဆက်စပ်ပစ္စည်းများနှင့် အတူ တွေ့ရှိထိန်းသိမ်းရမိခဲ့သည်။ အထက်ပါဖြစ်စဉ်များမှ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာ များ သိုဝှက်သိမ်းဆည်းထားရှိသူများနှင့် လက်ဝယ်ထားရှိသူကို ဥပဒေနှင့်အညီ ပြင်းထန်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (သတင်းစဉ်)