နေပြည်တော် မေ ၈
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိ သူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ သစ်အခြေခံ စက်မှု လုပ်ငန်းဌာန၊ အမှတ်(၁၀) ပရိဘောဂစက်ရုံအား ကြည့်ရှုစစ်ဆေးရာ သစ်အခြေခံစက်မှုလုပ်ငန်းဌာန စက်ရုံအထွေထွေ မန်နေဂျာက စက်ရုံနောက်ခံသမိုင်းများနှင့် စက်ရုံ၌ Prowess Myanmar Co., Ltd နှင့်ပူးပေါင်း၍ ပရိဘောဂများ ထုတ်လုပ် တင်ပို့မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သယံဇာတ ထုတ်ယူသုံးစွဲခြင်းတွင် သစ်တော ကာကွယ် ထိန်းသိမ်းခြင်းကိုဦးစားပေး၍ အကန့်အသတ်ဖြင့် အနည်းဆုံးလိုအပ်ချက်ကိုသာ ထုတ်ယူလျက်ရှိကြောင်း၊ ၂၀၁၄ ခုနှစ်မှစ၍ သစ်အလုံးလိုက် ပြည်ပတင်ပို့ခွင့်ကို ရပ်နားထားခဲ့ပြီး၊ ပဲခူးရိုးမအတွင်း သစ်ထုတ်ခြင်းကို ၁၀ နှစ် ရပ်နား ထားခဲ့ကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးသစ်ထုတ်ခြင်းကို ၁ နှစ် ရပ်နားမည် ဖြစ်ကြောင်း၊ သစ်အခြေခံ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမြှင့် သစ်အချော ထည်များပိုမိုထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဌာနနှင့်ကုမ္ပဏီပေါင်းစပ်ပြီး Teamwork ဖြင့် ဆောင်ရွက် ရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သစ်အချောထည်စက်များ၏နည်းပညာ၊ ဈေးကွက်နှင့် လက်ရှိဆောင်ရွက်နေမှု အခြေ အနေများကိုမေးမြန်းပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အရှေ့ဒဂုံမြို့နယ်ရှိ Century Myanmar Private Limited သစ်ပါး လွှာစက်ရုံသို့ ရောက်ရှိပြီး စက်ရုံ၏လုပ်ငန်းလည်ပတ်မှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အရှေ့ဒဂုံမြို့နယ်ရှိ National Wood Industry Ltd., ကျွန်းသစ် အချော ထည်စက်ရုံသို့ ရောက်ရှိရာ စက်ရုံအုပ်ချုပ်မှုဒါရိုက်တာ က ကုမ္ပဏီဆိုင်ရာအချက်အလက်များ၊ စက်ရုံ၏ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ၊ မြန်မာနိုင်ငံ သစ်အခြေခံစက်မှုလုပ်ငန်းများ၏လက်ရှိအခြေအနေ၊ ပြည်ပတင်ပို့နိုင်မှု အခြေအနေများနှင့် မြန်မာနိုင်ငံ၏ အနာဂါတ် သစ်အခြေခံစက်မှုလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက သိလိုသည်များကို မေးမြန်းပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးသည်။
(သတင်းစဉ်)