နေပြည်တော် မေ ၈
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည် မေ ၇ ရက်တွင် နေပြည်တော်၊ လမ်းဦးစီးဌာနမှ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်လျက်ရှိသော နေပြည်တော်-တောင်ညို-မြို့သစ်-ကန်ပြား-မကွေး လမ်းအပိုင်း (၂၂)မိုင် (၆)ဖာလုံကို (၁၂)ပေ အကျယ်မှ (၁၈)ပေအကျယ် ကွန်ကရစ်လမ်းခင်းပြီးမှု၊ လမ်းချဲ့ခြင်းနှင့် ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီး က ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ သွားလာရေး လွယ်ကူ အဆင်ပြေ စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်ရန် တာဝန် ရှိသူများကို မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်-တောင်ညို-မြို့သစ်-ကန်ပြား- မကွေးလမ်းအပိုင်း မကွေး တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ လမ်းနယ်တိုင်များနှင့် ၊ လမ်းဘေးရေနုတ်မြောင်း ဆောင်ရွက်ခြင်း၊ လမ်းချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်း များ ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးပြီး မိုင်တိုင်အမှတ် (၃၃/၁ နှင့် ၃၃/၂)အကြားရှိ သရက်ခွ ချောင်းတံတားသို့ ရောက်ရှိရာ တံတား အောက်ဘက်နှင့် တံတား အထက်ဘက် ရေစီးလမ်းကြောင်းအခြေအနေ၊ Box Culvert ချဉ်းကပ်လမ်း ရေတိုက်စား ပျက်စီး မှုကြောင့် ထိန်းသိမ်းဆောင်ရွက်ရမည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လက်ရှိ တံတားအား တံတား ခန်းဖွင့် တိုးချဲ့တည်ဆောက်ရန် မှာကြားသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် မိုင်တိုင်အမှတ် (၆၂/၇ နှင့် ၆၃/၀) အကြားတွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၃)မှ အရှည်ပေ(၁၈၀) ပေါင်းကူးချောင်းတံတား တည်ဆောက် နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မင်းဘူး-အမ်းလမ်းအပိုင်း လုပ်ငန်းဆောင် ရွက်နေမှု အခြေအနေတို့ကို လမ်းတစ်လျှောက်ကြည့်ရှုစစ်ဆေးပြီး လမ်းဦးစီးဌာန၊ လမ်းအထူး အဖွဲ့(၁၁)၏ ရင်းရှည်လမ်းစခန်းရုံးတွင် လမ်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးစံမင်းအောင် နှင့် လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၁)မှ ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးကြည်ပိုတို့က ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ လမ်းဦး စီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်၊ ဦးလှထွန်းဦးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်၏ အဓိကဝင်ပေါက်၊ ထွက်ပေါက် များဖြစ်သည့် မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်းနှင့် ငါးသိုင်းချောင်း-ဂွ-သံတွဲလမ်း (၃)လမ်းရှိသည့်အနက် နေပြည်တော်-မကွေးမှ ဝင်ရောက်နိုင် သည့် မင်းဘူး-အမ်း-စစ်တွေလမ်းသည် ပြည်နယ်၊ပြည်မ ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်း မှုတို့တွင် အဓိကအရေးပါသော လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ ယခုလမ်းအပိုင်းသည် တောင်ပေါ် လမ်းဖြစ်သည့်အတွက် လမ်းကွေ့များချဲ့ပေးရန် လိုပါကြောင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းစေရေး အတွက် လိုအပ်သည့်နေရာများတွင် လမ်းညွှန်ဆိုင်းဘုတ်များ၊ သတိပေး၊ အသိပေး ဆိုင်းဘုတ် များ၊ Guard Post နှင့် Guard Railများ စိုက်ထူပေးရန် လိုပါကြောင်း၊ တောင်ပေါ်လမ်းများချဲ့ ခြင်းသည် အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ သွားလာနိုင်ပြီး ခရီးသွားပြည်သူများ၏ ယာဉ်အန္တရာယ်လျော့နည်းသွားစေပါကြောင်း၊ Data အချက်အလက်များကို နှစ်အလိုက် မှတ်တမ်းတင်ထားရှိရန် လိုအပ်ပါကြောင်း၊ ယာဉ်အန္တရာယ်ဖြစ်တတ်သည့် လမ်းအပိုင်းများကို လည်း ချက်ချင်းတိုးချဲ့ ပြုပြင်သွားရန် လိုပါကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော မင်းဘူး-အမ်းလမ်းအပိုင်း လမ်းချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း နှင့် ကွန်ကရစ်ရေမြောင်းများ ဆောင်ရွက် ထားရှိမှု တို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေး သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရခိုင်ပြည် နယ် နယ်စပ်၊ အမ်းတောင် ကြားသို့ ရောက်ရှိပြီး လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ ဦးခင်မောင်မြင့်က ရခိုင်ပြည်နယ်အပိုင်းမှ တာဝန်ယူဆောင်ရွက်သော (151km မှ 153km)အကြားတွင် (၁၈)ပေ အကျယ် ကွန်ကရစ် လမ်းခင်းပြီးမှုတို့ကို လမ်းတစ်လျှောက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လမ်းများ အဆင့်မြှင့်တင် တည်ဆောက်ရာတွင် စံချိန်စံညွှန်းနှင့် အရည်အသွေးပြည့်မီ ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် သယု(ပဲပဒုံ)တံတားသို့ ရောက်ရှိပြီး တံတားဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(ထိန်းသိမ်းရေး)နှင့် စစ်ဆေးရေးအဖွဲ့တို့နှင့် အတူ တံတားကြိုးထိမ်းခုံ ကြံ့ခိုင်မှု၊ ပင်မတံ တားပေါ်တွင် တံတားကြမ်းခင်းများ၊ တံတားလက်ရမ်းများ၊ တံတားပင်မဆိုင်းကြိုးများ ကြံ့ခိုင်မှုတို့ကို အသေးစိတ လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စု ဝန်ကြီးက တံတားကြီးရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အမြဲမပြတ် စစ်ဆေးပေးရန် လိုပါကြောင်းနှင့် တံတားကြီးလုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်အပိုင်းအား တာဝန်ရှိသူများ အား မှာကြားသည်။ လက်ရှိ သယု(ပဲပဒုံ) ကြိုးတံတားမှာ ယာဉ်ဖြတ်သန်းမှု တန်(၂၀) သာ ခွင့်ပြု နိုင်သည့်အတွက် အဆိုပါ တံတားဘေးတွင် တန်(၆၀)ခံနိုင်ဝန်ရှိသည့် တံတားအသစ်(၁)စင်း တည်ဆောက်နိုင်ရေး Feasibility Study ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (158km)နှင့်(160km)အကြား အမ်းမြို့ အဝင်တွင် (၁၈)ပေ အကျယ် ကွန်ကရစ်ခင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အမ်းမြို့တွင်း လမ်းဆုံ လမ်းညွှန် ကျောက်တိုင်ကို တင့်တယ်လှပစေရေး အဆင့်မြှင့်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)