နေပြည်တော် မေ ၈
(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ပါဝင် ယှဉ်ပြိုင်ပြီး အောင်မြင်မှု ရရှိစေရန် ရည်ရွယ်၍ ကြိုတင်ပြင်ဆင် လေ့ကျင့်လျက်ရှိရာ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ မြန်မာ အား ကစား အဖွဲ့များအား ယနေ့ နံနက် (၈)နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင် လိုက်လံကြည့်ရှုအားပေးစကား ပြောကြားသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ ကွင်းအမှတ် (၃)၌ လေ့ကျင့်နေသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသမီး ဘောလုံးအသင်းကို ကြည့်ရှုစစ်ဆေးပြီး ဝန်ကြီးဌာန အသင်း အနေနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသို့ အားကစားအထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးရမည့် အခြေအနေများကို မေးမြန်း၍ တာဝန်ရှိသူများကို လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဝဏ္ဏသိဒ္ဓိလက်ဝှေ့အားကစားရုံ၌ မြန်မာ့လက်ရွေးစင် လက်ဝှေ့ အားကစား သမားများ လေ့ကျင့်နေမှုကို လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိဘိလိယက်အားကစားရုံ၌ ပဏာမမြန်မာ့လက်ရွေးစင် (9 Ball) အားကစား သမားလေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ ပိုက်ကျော်ခြင်း အားကစားရုံတွင် မြန်မာ့ လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမားများ လေ့ကျင့်နေမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B)တွင် မြန်မာ့ လက်ရွေးစင် ဘော်လီဘော အားကစား သမားများ လေ့ကျင့်နေမှုကို လည်းကောင်း ကြည့်ရှု့စစ်ဆေး၍ အားကစား သမားများ၏ လေ့ကျင့်မှု၊ တိုးတက်မှုအခြေအနေ အားကစားနည်းအလိုက် ရွေးချယ်ထားသော အားကစားသမား များ စုံလင်စွာ ပူးပေါင်းလေ့ကျင့်နိုင်မှု၊ အားကစားနည်းအလိုက်ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် (Event)များရွေးချယ်ထား ရှိမှု၊ လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများ ထပ်မံပံ့ပိုးပေးရန် လိုအပ်သည့်အခြေအနေများကို မေးမြန်းကာ တာဝန် ရှိသူများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားသည်။
ယင်းနောက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းရှိ (Fitness Center) GYM ခန်းမ၌ ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့် လျက်ရှိသော ဝူရှူး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ မြားပစ်၊ ဗိုဗီနမ် အားကစားနည်းများမှ မြန်မာ့ လက်ရွေးစင် အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့် ရေးစခန်း အတွင်းရှိ ပီတန်းလေ့ကျင့်ရေး အားကစားကွင်းသို့ ရောက်ရှိလာပြီး မြန်မာ့ လက်ရွေးစင်ပီတန်း အားကစားသမားများ လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေး၍ ပြိုင်ပွဲတွင် အောင်မြင်မှုရရှိစေရန် အားကစားသမားများအား ကြိုးစားအားထုတ်မှုအပြင် စိတ်ပိုင်း ဆိုင်ရာ အာရုံတည်ငြိမ်မှုရရှိစေရေး ပိုမိုဂရုစိုက်လေ့ကျင့်ရန် တိုက်တွန်းမှာကြား အားပေး စကားပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်းရှိ စားရိပ်သာသို့ ရောက်ရှိပြီး မြန်မာ့လက်ရွေးစင်အားကစားသမားများအား ကျွေးမွေးရန်အတွက် ချက်ပြုတ်စီမံဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည့်များကို မှာကြားသည်။
ယင်းနောင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေး စခန်းရှိ (Multipurpose) ခန်းမ၌ ပြေးခုန်ပစ်၊ ဝူရှူး၊ အလေးမအားကစားသမားများကို တွေ့ဆုံ၍ ပြိုင်ပွဲအောင်မြင် မှုရရှိစေရေးအတွက် နိုင်ငံတော်မှ ထောက်ပံ့ ထားရှိမှု၊ အောင်မြင်မှုကိုရလာပါက နိုင်ငံတော်မှ ဂုဏ်ပြု ချီးမြှင့်မည့်အခြေအနေများ ရှင်းလင်း ပြောကြား ကာ အားကစားနည်းအလိုက် လေ့ကျင့်ရေးအထောက် အကူပြုပစ္စည်းများ၊ လိုအပ်မှုမရှိစေရေး တာဝန်ရှိသူများကို မေးမြန်းကာ ပံ့ပိုးဆောင်ရွက်ပေးပြီး အားကစား သမားများ စိတ်ဓာတ်ခွန်အားမြှင့်တင် အားပေးစကား ပြောကြား ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)