Skip to main content

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆေးကောင်စီ အလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးသို့ တက်ရောက်ပြီး COVID-19 ရောဂါကုသရေးဌာန(ဖောင်ကြီး)သို့ လှည့်လည် ကြည့်ရှု

 

နေပြည်တော်၊ မေ (၈)

မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့(၂/၂၀၂၁) အစည်းအဝေးကို မေ ၇ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဆေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဆေးကောင်စီ နာယကအဖွဲ့ဝင်များဖြစ်ကြသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပါမောက္ခဒေါက်တာ မောင်မောင်ဝင့်၊ ပါမောက္ခဒေါက်တာ အက်စ်ကျော်လှ၊ မြန်မာနိုင်ငံဆေးကောင်စီ ဉက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မောင်အေးနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင် များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆေးကောင်စီဉက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်အေးက နှုတ်ခွန်းဆက် စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတစ်ဝန်းလုံးတွင် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပုံမှန်ပြန်လည် လည်ပတ်နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေ၊ အကြောင်း အမျိုးမျိုးကြောင့် လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်း မရှိသေး သူများကိုလည်း လုပ်ငန်းခွင်သို့ အမြန်ပြန်လည် ဝင်ရောက် တာဝန်ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ခဲ့မှု၊  ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ဆေးပညာ ဆိုင်ရာကျင့်ဝတ်များကို ဦးထိပ်ထားကာ ပြည်သူတို့၏ ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ အလေးထားဆောင်ရွက်နိုင်ရေးနှင့် မလိုလားအပ်ဘဲ ပြည်သူလူထု၏အသက်များ ဆုံးရှုံး မှုလျော့ နည်းအောင် ဆောင်ရွက်ရေး၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းခွင်သို့  ပြန်လည်ဝင်ရောက် တာဝန် ထမ်းဆောင် လိုသူများကို ကူညီဆောင်ရွက်ပေးနေမှု အခြေအနေ၊ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခြင်းမရှိသည့် ကျန်းမာရေး ဝန်ထမ်းများအား ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိနေမှုများကို ပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေနှင့်စပ်လျဉ်း၍ အိမ်နီးချင်းနိုင်ငံများတွင် ရောဂါပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ရောဂါဖြစ်ပွားမှု လျော့နည်းအောင် ကြိုတင်ကာကွယ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများအတွက် ဆောင်ရွက် ထားရှိမှု၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက် လျက်ရှိသည့် အခြေ အနေ၊ (၂၀၂၀) ပြည့်နှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းသား/ ကျောင်း သူ များအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးနှီးနွယ်တက္ကသိုလ်များတွင် ဝင်ခွင့်လျှောက်လွှာများ တင်သွင်းခြင်းနှင့် ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဆေးတက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းများ ဆက်လက် ဖွင့်လှစ် ထားရှိမှု များနှင့် ဘွဲ့လွန်သင်တန်းဝင်ခွင့်များ လျှောက်ထားနိုင်မှုများကို အသိပေးပြောကြားပြီး မြန်မာနိုင်ငံဆေး ကောင်စီ အနေဖြင့် မြန်မာနိုင်ငံသားဆရာဝန်များအတွက် Certificate of Good Standing များ စိစစ်ထုတ်ပေးနေမှုများနှင့် ယခု ကာလအတွင်း လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ထားရှိမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြား သည်။

ယင်းနောက် မြန်မာနိုင်ငံဆေးကောင်စီဉက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်အေးက မြန်မာနိုင်ငံ ဆေးကောင်စီ အနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုင်ငန်းအခြေအနေများကို ဆွေးနွေး ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီနာယကအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များက ဆွေးနွေးကြပြီး ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန (ဖောင်ကြီး) သို့ ရောက်ရှိခဲ့ပြီး ကိုဗစ်-၁၉ လူနာများကို လက်ခံကုသပေးနေမှု၊ လူနာဆောင်သစ်များ ဆောက်လုပ် ပြီးစီးနေမှုတို့ကို တာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီး ဆွေးနွေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေး ဌာန(ဖောင်ကြီး)၌ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးဆရာဝန်များ၊ သူနာပြုအရာရှိ များမှ တာဝန်ယူ၍ ကိုဗစ်-၁၉ လူနာများကို လက်ခံကုသမှုပေးနေသည်ကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုအချိန်အတွင် အိမ်နီးချင်းနိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း၊ စတုတ္ထလှိုင်းများ ကူးစက် ပြန့်ပွားလျက်ရှိနေသည်ကို တွေ့ရှိရသဖြင့် မိမိတို့နိုင်ငံအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရေး၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ပုံမှန်လေ့ကျင့်ရေး သင်တန်း များ ပြန်လည်ဖွင့်လှစ်မည့်အချိန်၌ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(ဖောင်ကြီး)၏ ဆေးကုသမှုလုပ်ငန်းများ စဉ်ဆက် မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လာရောက်ရခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်းက ကိုဗစ်-၁၉ ရောဂါ ကုသရေး ဌာန(ဖောင်ကြီး)တွင် လက်ရှိဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လည်း ကောင်း၊ ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ခေတ္တပါမောက္ခချုပ် ဦးဇော်မိုးဝင်းက အဆောင် များ နေရာချထားမှုများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (ဖောင်ကြီး)၊ ဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုနိုင်က အဆောင်လိုက် လူနာများ လက်ခံ ကုသပေးနိုင်မှု၊ ဆေးနှင့်ဆေးပစ္စည်း ကိရိယာများ စုစည်းထိန်းသိမ်းထားရှိမှုကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါ ကုသရေး ဌာန(ဖောင်ကြီး) တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်အောင်က ဖြည့်ဆည်းပေးရန် လိုအပ်ချက် တို့ကို လည်းကောင်း တင်ပြဆွေးနွေး ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် လိုအပ် သည်များကို အမြန်ဆုံး ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လူနာဆောင်အသစ်များ ဆောက်လုပ်နေမှုအခြေအနေ များကို လိုက်လံ ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။

(သတင်းစဉ်)