နေပြည်တော် - မေ ၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဒေါက်တာ မောင်မောင်နိုင်သည် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် အတူ ယနေ့ နံနက်ပိုင်းက နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် နေပြည်တော်အတွင်း ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်မှု များကို သွားရောက် စစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိ ရပ်ကွက်၊ ငလိုက်ချောင်းအနီးရှိ သဲရေစစ်ကန် အမှတ်(၁)နှင့် နန်းဦးရေပေးရေးစက်ရုံတို့ကို ကြည့်ရှုခဲ့ပြီး အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)ရုံးရှိ အစည်းအဝေးခန်းမတွင် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဌာနမှူး ဦးလှမိုးထွန်းက နေပြည်တော်အတွင်း ရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ထားရှိအခြေအနေများကို ပုံစံငယ်များဖြင့် ရှင်းလင်း တင်ပြရာ မြို့တော်ဝန်က လိုအပ်သည်များ မှာကြားသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊နှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ ရန်အောင်မြင်ဆည်သို့ သွားရောက်ကာ သဲရေစစ်ကန်နှင့် ဆည်ပတ်လမ်း တစ်လျှောက် လုပ်ငန်းဆောင်ရွက်နေမှုများကို မော်တော် ယာဉ်များ ဖြင့် လှည့်လည်ကြည့်ရှု သည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ ဗေဗေ့မောင်ဆည်ရှိ သဲရေစစ်ကန် နှင့် မင်္ဂလာသိဒ္ဓိရပ်ကွက်ရှိ ရေဆိုး သန့်စင်စက်ရုံတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)