နေပြည်တော် မေ ၇
ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတော်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်နှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်နိုင်ရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ရယူအသုံးချကာလုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်သောဘွဲ့ရ လူငယ်မောင်မယ် ပညာတတ်များ မွေးထုတ်ရေးကို ဦးတည်လျက် ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် သိပ္ပံကျောင်း များ၏ ပါရဂူဘွဲ့ကြိုသင်တန်းများ၊ မဟာဘွဲ့(ရေး) သင်တန်းများနှင့် နောက်ဆုံးနှစ် ဘွဲ့ကြိုသင်တန်းများကို မေ ၅ ရက်မှစတင်၍ တစ်ပြိုင် တည်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ယင်းသို့ဖွင့်လှစ်ရာတွင် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ၄၉ ကျောင်း၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်ကျောင်း ၆၀၊ ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်း စုစုပေါင်း ၁၃၄ ကျောင်းတွင် ပါရဂူဘွဲ့ကြိုသင်တန်းများ၊ မဟာဘွဲ့(ရေး)သင်တန်းများ၊ မဟာအရည်အချင်းစစ်သင်တန်းများ၊ ဂုဏ်ထူးတန်း ဒုတိယနှစ်၊ တတိယနှစ် သင်တန်းများ၊ နောက်ဆုံးနှစ်ဘွဲ့ကြိုသင်တန်းများ၊ ဒုတိယ နှစ် ပညာရေးဒီပလိုမာသင်တန်းများ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် ဖွင့်လှစ်လျက်ရှိသော ဘွဲ့လွန်ဒီပလိုမာ သင်တန်းများနှင့် မဟာဘွဲ့ နောက်ဆုံးနှစ် သင်တန်းများ ကိုလည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ အစိုးရနည်းပညာ ကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံနှင့်အစိုးရနည်းပညာအထက်တန်းကျောင်းများ စုစုပေါင်း ကျောင်း ၇၀ ရှိ A.G.T.I(၃)နှစ် ဒီပလိုမာသင်တန်းများ၏ နောက်ဆုံးနှစ်ဖြစ်သည့် တတိယနှစ် သင်တန်းများ၊ GTHS(၂)နှစ် သင်တန်းများ၏ နောက်ဆုံးနှစ်ဖြစ်သည့် ဒုတိယနှစ် သင်တန်းများ ကို လည်းကောင်း ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများကို လိုက်နာစေလျက် မေ ၅ ရက်တွင် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှု အခွင့်အလမ်းနှင့် အလုပ်အကိုင်ရရှိရေး အခွင့်အလမ်းများ ပွင့်လန်းလာ သဖြင့် ဝမ်းမြောက်လျက်ရှိကြကြောင်းနှင့် ဆရာ/ဆရာမ များကလည်း ပညာသင်ကြားပေးနိုင်ရေးအတွက် မေ ၃ ရက်မှစတင်ကာ အသင့် ပြင်ဆင်ထားရှိကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်