နေပြည်တော်၊ မေ ၇
မန္တလေး(ဂေါဝိန်ဆိပ်ကမ်း)မှ (၃.၅.၂၀၂၁)ရက်နေ့ (၀၆:၀၀)နာရီအချိန်တွင် ခရီးသည်(၁၁)ဦး၊ ကုန်စည်(၂၁၅)တန်တင်ဆောင်ပြီး ထွက်ခွာ လာသော“ပေါက်တန်း”ရေယာဉ်သည် (၆.၅.၂၀၂၁) ရက်နေ့(၁၀:၂၀)နာရီတွင် ကသာသို့ ဝင်ရောက်ခဲ့ပြီး (၁၁:၀၀) နာရီအချိန်တွင် ခရီးသည် (၁၀)ဦး၊ ကုန်စည် (၁၉၉)တန်ဖြင့် ပြန်လည်ထွက်ခွာလာခဲ့ရာ (၂၀:၂၅) နာရီအချိန်ခန့်တွင် သာယာကုန်းနှင့် ကျောက်ကြီးရွာကြားအရောက် မြစ်၏လက်ဝဲဘက်ကမ်းမှ မောင်းနှင်နေစဉ် သောင်းကျန်းသူအဖွဲ့များ၏ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် (၁၅)မိနစ်ကြာ ပစ်ခတ်ခံရမှု ကြောင့် တာဝန်ကျတက်မကိုင် ဦးဇော်မင်းဦးတွင် လက်နက်ကြီးအစ ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ)နှင့် စက်ခန်းအုပ်(၄)ဖြစ်သူ ဦးအောင်ဇော်ငြိမ်းတွင် ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့ပါသည်။ ရေယာဉ်ကို လုံခြုံရေးရရှိနိုင်မည့် ရွှေကူသို့မောင်းနှင်ခဲ့ရာ (၂၃:၁၅)နာရီ တွင်ရောက်ရှိပြီး ဒဏ်ရာရဝန်ထမ်းများကို ဆေးကုသမှုပြုလုပ် ပေးခဲ့ကြောင်းနှင့် ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။
လက်ရှိတွင် ပေါက်တန်းရေယာဉ်အား ရွှေကူမြို့၌ အခြေပြုထားရှိ၍ လိုအပ်သည့် လုံခြုံရေးများ ဆောင်ရွက်ပေးလျက်ရှိကာ ရေယာဉ်လမ်း ကြောင်းများ ပုံမှန်အတိုင်းပြေးဆွဲနိုင်ရေး လိုအပ်သော လုံခြုံရေးများ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်း ခရီးသွားပြည်သူများ စိတ် အေးချမ်းမြေ့စွာသွားလာနိုင်ရေး၊ ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေးအတွက် လေယာဉ်၊ ရေယာဉ်၊ ရထား၊ မော်တော်ကား ခရီးစဉ်များ ပြေးဆွဲစေလျက်ရှိရာ မသမာသူများက အဖျက်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိခြင်းကြောင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပွားစေရေး ရေယာဉ်ပေါ်တွင် အစောင့်လိုက် ရဲတပ်ဖွဲ့လိုက်ပါနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် ပြည်သူများအနေဖြင့်လည်း မသင်္ကာဖွယ်ရာအခြေအနေများ တွေ့ရှိပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးနိုင်ပါရန် မေတ္တာရပ်ခံထားကြောင်းသိရသည်။
သတင်းစဉ်