Skip to main content

မြို့နယ်အချို့၌ ဆူပူအကြမ်းဖက်သူများက နိုင်ငံတော်ပိုင်အဆောက်အဦများအား မီးရှို့ခြင်း၊ မီးပုလင်းများဖြင့် ပစ်ပေါက်ခြင်းတို့ ပြုလုပ်ခဲ့၍ အဆောက်အဦအချို့ မီးလောင်ပျက်စီး

နေပြည်တော်၊ မေ ၇

ဆူပူအကြမ်းဖက်သူများအနေဖြင့် တိုင်းဒေသကြီးအချို့ရှိ မြို့နယ်အချို့၌ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်ပိုင် အဆောက် အဦများအား မီးရှို့ခြင်းနှင့် မီးပုလင်းများဖြင့် ပစ်ပေါက်ခြင်းတို့ ပြုလုပ်ခဲ့၍ အဆောက်အဦအချို့ မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထိုသို့လုပ်ဆောင်ရာတွင် မေလ ၆ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်း ဒေသကကြီး၊ သန်လျင်မြို့နယ်ရှိ သမဝါယမတက္ကသိုလ်၊ ဥတ္တရ(နှစ်ထပ်) စာသင်ကျောင်း အပေါ်ထပ်၌ အကြမ်းဖက်သူ (စိစစ်ဆဲ)က ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့ပြီး မီးလောင်မှုကြောင့် စာသင်ခန်း အတွင်းရှိ အခန်း၏မျက်နှာကြက်နှင့် စာသင်ခုံအဟောင်း ၆ လုံးတို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

အလားတူ ည ၇ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပိုးတန်း ရပ်ကွက်ရှိ “မြန်မာ့စီးပွားရေး”ဘဏ်အား အကြမ်းဖက်သူ အမျိုးသား ၂ ဦး (စိစစ်ဆဲ) စီးနင်းလာ သည့် ဆိုင်ကယ် ၁ စီးမှ မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် ပန်းချုံအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။ အလားတူ မေလ ၇ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်အား အကြမ်းဖက်သူလူအုပ်စု(စိစစ်ဆဲ)က တာယာကွင်းများအား အသုံးပြု၍ မီးရှို့ဖျက်ဆီးခဲ့၍ ဘဏ်၏အနောက်ဝင်ပေါက် သစ်သားတံခါး ၂ ချပ်နှင့် ဝါယာကြိုး အနည်းငယ် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ သတင်းစဉ်