Skip to main content

နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲကြီးကြပ်မှု မွမ်းမံသင်တန်းဖွင့်လှစ်

နေပြည်တော် မေ ၇

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ (နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များ) ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲကြီးကြပ်မှု မွမ်းမံသင်တန်းကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၁) အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

သင်တန်းဖွင့်ပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဝန်ကြီးဌာနတွင် လုပ်ငန်းမကျွမ်းကျင်ပါက ပြဿနာအရှိဆုံးသည် ဘဏ္ဍာရေးကဏ္ဍ ဖြစ်ပါ ကြောင်း၊ ပညာရေးဆိုင်ရာလုပ်ငန်းများတွင် မိမိက စေတနာအမှန်ဖြင့် လုပ်ဆောင်သော်လည်း ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီပါက အလုပ်ထုတ်ပယ်ခြင်း၊ ရာထူးလျှော့ချခြင်း စသည့်အရေးယူခံရမှုများဖြင့် ကြုံတွေ့ရတတ်ပါကြောင်း၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ အဂတိတရား ကင်းရှင်းစွာဖြင့် လုပ်ငန်းများကိုကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရေးသည် အရေးကြီး ပါကြောင်း၊ သို့ဖြစ်၍ ယခုသင်တန်းတွင် ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သည့် အဆင့်မြင့်အရာရှိကြီး(၃)ဦးက ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု ကြီးကြပ်မှု လုပ်ငန်းအရည်အသွေး ပိုမိုမြင့်မားလာရေး သင်ကြားပို့ချပေးသွားမည် ဖြစ်ပါကြောင်း။

ပညာရေး ဝန်ထမ်းများသည် နိုင်ငံဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံဝန်ထမ်း တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊  လူတစ်ဦးချင်းစီတွင် ဒီမိုကရေစီ ကျင့်စဉ်အရ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိသော်လည်း ဝန်ထမ်းဖြစ်သည့် အားလျော်စွာ ပါတီနိုင်ငံရေး ကင်းရှင်း ရမည်ဖြစ်ပါကြောင်း၊  အခြားနိုင်ငံများ၏ နိုင်ငံရေးဖြစ်စဉ်တွင် အစိုးရအဖွဲ့အစည်း ပြောင်းလဲ သော်လည်း နိုင်ငံဝန်ထမ်းများက  မိမိလုပ်ငန်း တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြသည်ကို တွေ့မြင်ရပါကြောင်း၊  မိမိတို့ ပညာရေးဝန်ကြီးဌာန၏ သင်ကြားရေး နှင့် စီမံဘဏ္ဍာ ဝန်ထမ်းများအနေဖြင့်လည်း နေ့စဉ်နေ့တိုင်း လုပ်ငန်းခွင့်သို့ တိုးတက်ဝင်ရောက် တာဝန်ထမ်း ဆောင်လျက်ရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍လည်း ဖိတ်ခေါ်ပါကြောင်း၊ ယနေ့ မိမိတို့ဆောင်ရွက်နေမှုသည် မြန်မာနိုင်ငံ ပညာရေး ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေခြင်းသာ ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းများ ပုံမှန်တိုးတက်အောင် ဆောင်ရွက်နိုင်ရေးသည် ပညာရေးမိသားစုဝင် ဝန်ထမ်း တစ်ဦးချင်းစီတိုင်းမှာ တာဝန်ရှိပါကြောင်း၊ တက်ရောက်လာကြသည့် ဆရာကြီးဆရာမကြီးများ အနေဖြင့် သင်တန်းပြီး ဆုံး၍ မိမိက္ကသိုလ်သို့ ပြန်ရောက်သည့်အခါ မိမိတို့ပတ်ဝန်းကျင်၊ မိမိတို့ တပည့်များအား မှန်ကန်သော သဘောထားအမြင်များကို ဆက်လက်မျှဝေပေးစေ လိုပါကြောင်း၊  ပါမောက္ခ ချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ဘဏ္ဍာရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လိုအပ်၍တောင်းခံထားပြီး ခွင့်ပြုထားသည့် ဘဏ္ဍာငွေများကို သတ်မှတ်ထားသည့်အချိန်ကာလအတွင်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ထိရောက်အကျိုးရှိစွာ သုံးစွဲကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့တက္ကသိုလ်၊ မိမိတို့ ဦးစီးဌာန၊ မိမိတို့ဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် မေတ္တာထား၍ ညီညီညွတ်ညွတ်ဝိုင်းဝန်း လက်တွဲဆောင်ရွက် ကြစေလိုပါကြောင်း ပြောကြား သည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဘဏ္ဍာရေးစီမံခန့်ခွဲမှု ထိရောက်အောင်မြင်ရေး၊ အဂတိလိုက်စားမှု များကင်းရှင်းရေးနှင့်စပ်လျဉ်း၍ ပြောကြားသည်။

ဆက်လက်၍ သင်တန်းကို အစီအစဉ်အတိုင်းပို့ချရာ စီမံကိန်းရေးဆွဲခြင်းနှင့် ဘတ်ဂျက် လျာထားသုံးစွဲခြင်း (Planning and Budgeting) ၊ ဘဏ္ဍာငွေကြေးစီမံခန့်ခွဲမှု (Financial Management)နှင့် ဘဏ္ဍာရေးဆိုင်ရာ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ (Financial Rules and Regulations) ဘာသာရပ်(၃)ခုကို သက်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များက ပို့ချကြသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်များမှ သင်တန်းသား ဘဏ္ဍာရေးတာဝန်ခံ အရာရှိကြီးများ၊ ရာထူး တိုးမြှင့်ခန့်အပ် ထားသော စီမံ/ ဘဏ္ဍာဌာနမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)