Skip to main content

အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ရှိသော ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ် ၁၅ ခု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြု

နေပြည်တော်၊ မေ ၇

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်၁၈၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အုပ်ချုပ်မှုရုံး၌ ကျင်းပသည်။ အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု၏ မတည်ငွေရင်း တိုးမြှင့်ခြင်း အပါအဝင် လျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍများတွင် လုပ်ငန်းသစ် ၁၅ ခု ကို ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂၇၈၃ ဒသမ ၈၂၂ သန်းနှင့် ငွေကျပ် ၁၅ ဒသမ ၃၆၇ ဘီလီယံရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၂၄၇၃ နေရာကို ဖန်တီး ပေးနိုင်မည်ဖြစ်သည်။

ယနေ့ခွင့်ပြုပေးသည့် လုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့်ရှိ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသည့် LNG သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းလည်း တစ်ခုအပါအဝင် ဖြစ်သည်။ အဆိုပါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းမှ ထွက်ရှိသည့် ဓာတ်အားများကို ပြည်တွင်းသို့ ရာနှုန်းပြည့် ရောင်းချသွားမည် ဖြစ်သည့်အတွက် ၂၀၃၀ ပြည့် နှစ်တွင် နိုင်ငံတော် ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး ဦးတည်ချက်အား အထောက်အကူပြုနိုင်မည် ဖြစ်သည်။

၂၀၂၁ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၁ ခု အနက် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၅၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၆၁ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

(သတင်းစဉ်)