Skip to main content

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ၇

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှု ရရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၁) နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် အားကစားနှင့် ကာယပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က         (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲအား ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ(၂၁)ရက်မှ ဒီဇင်ဘာ (၂)ရက်အထိ ဟနွိုင်းမြို့အပါအဝင် မြို့ကြီး(၁၂)တွင် အားကစားနည်း(၄၀)ဖြင့် လက်ခံကျင်း ပမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ အားကစားနည်း(၁၈)နည်းသာ ပါဝင်ယှဉ်ပြိုင် မည်ဖြစ်ပါကြောင်း၊ ယခုအချိန် ပြိုင်ပွဲဝင်ကာလ (၁၉၉)ရက်သာ ကျန်ရှိပြီး ကြိုတင် ပြင်ဆင်လေ့ကျင့်မှုကာလ နီးကပ်နေပြီဖြစ်ပါကြောင်း၊ အားကစားသမားများသည် နိုင်ငံ့ဂုဏ် မြှင့်တင်နိုင်မည့်သူများ ဖြစ်သောကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ အဓိကထားပြီး မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အားကစားသမားအားလုံးကို စေတနာထား နားလည်စိတ်ဖြင့် မိမိသားသမီး များသဖွယ် ဆက်ဆံအားပေးရန်လိုအပ်ပါကြောင်း၊ အားကစားသမားများ တစ်ဦးချင်း လေ့ကျင့်မှု ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်၊ အားသာချက်များကို သိရှိပြီး ထိန်းသိမ်းတည့်မတ်ကာ အားကစားသမားများ၏ မမြင်နိုင်သော စိတ်စွမ်းရည်များကို ဖော်ထုတ်ပြီး အုပ်ချုပ်စီမံသွားမှသာ အောင်မြင်မှု ရရှိမည်ဖြစ်ပါကြောင်း၊ နည်းပြပိုင်းအနေဖြင့် အားကစားနည်းအလိုက် နိုင်ငံခြားနည်းပြများ ငှားရမ်းအသုံးပြုရာတွင် အကျိုးရှိစွာ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အားကစားနည်းအလိုက် နိုင်ငံခြား နည်းပြများ လာရောက်တာဝန် ထမ်းဆောင် ရာတွင် မြန်မာနည်းပြများအနေနှင့် သင်ကြားမှုပိုင်း နည်းပညာပိုင်းဆိုင်ရာများ မှတ်သားလေ့လာထားရှိပြီး ပညာဆည်းပူးကာ နောင်တစ်ချိန် ပြန်လည်အသုံးချရန် လိုအပ်ပါကြောင်း၊ ထိုမှသာ မြန်မာနည်းပြများ အရည်အချင်း တိုးတက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ယှဉ်ပြိုင်လေ့ကျင့်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး ဒုတိယ ညွှန်ကြားရေး ချုပ်(၃) ဦးကျော်ဦးတို့က  ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများကို တင်ပြကြသည်။

ဆက်လက်၍ ခေတ္တညွှန်ကြားရေးမှူးချုပ်က အားကစားအဖွဲ့ချုပ်များ ပူးပေါင်း ဆောင်ရွက်မှု များ၊ အားကစားနည်းအလိုက် မျိူးဆက်သစ်လူငယ်များ ဆက်လက် လေ့ကျင့်ပျိူးထောင် ထားရှိရန် စီစဉ်ထားရှိမှုများ၊ Joint Training သွားရောက်ရန် လေ့ကျင့်ရေးကာလအတွင်း အထောက်အကူပစ္စည်းများ၊ ဝတ်စုံများ ပံ့ပိုးထားရှိမှုများ၊ လေ့ကျင့်ရေးကာလတိုးတက်မှု၊ စည်းကမ်းကောင်းမွန်မှုရှိစေရေး၊ တရုတ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ၊ လေ့ကျင့်ရေး အထောက်အကူပြုစည်းများ၊ ဝတ်စုံများ၊ ပြိုင်ပွဲဝင်ဝတ်စုံများ အရည်အသွေးမီ စံချိန်စံညွှန်း ကောင်းမွန်မှုရှိစေရေး စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ အောင်မြင်မှုရရှိစေရေး ပူးပေါင်း ဆောင်ရွက်ကြရန်  မှာကြားသည်။

ဒုတိယဝန်ကြီးသည် ယနေ့နံနက်(၉)နာရီတွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့လက်ရွေးစင်အလေးမ ပဏာမ အားကစားသမားများ ပြိုင်ပွဲအကြိုဆန်းစစ်ပြိုင်ပွဲ ကျင်းပနေမှုကို ကြည့်ရှုအားပေးသည်။

ပြိုင်ပွဲကို ပဏာမရွေးချယ်ထားသော မြန်မာ့လက်ရွေးစင် အမျိုးသမီး အားကစားသမားများမှ စံချိန်ပြုတစ်ဦးချင်းပြိုင်ပွဲအဖြစ် အမြန်မ၊ အနှေးမ (၂)မျိုးပေါင်း ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီး ဆုရရှိကြသူများကို ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးတင်အေး၊ ဒုတိယဝန်ကြီးနှင့် ခေတ္တညွှန်ကြား ရေးမှူးချုပ်၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥက္ကာအေးနှင့် တာဝန်ရှိ သူများက ဆုများ ချီးမြှင့်ကြသည်။

ဆက်လက်၍ ပြိုင်ပွဲတွင် ဒုတိယပိုင်းဖြင့် ပဏာမမြန်မာ့လက်ရွေးစင် အမျိုးသား အားကစား သမားများမှ အလေးမပြိုင်ပွဲကို အမြန်မ၊ အနှေးမ (၂)မျိုးပေါင်းဖြင့် စံချိန်ပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီး ဆုရရှိသူများကို ဒုတိယဝန်ကြီး ဦးမျိုးလှိုင်နှင့် ခေတ္တညွှန်ကြားရေး မှူးချုပ် ဦးထွန်းမြင့်ဦး၊ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥက္ကာအေးနှင့် တာဝန်ရှိသူများက ဆုများကို ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)