Skip to main content

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၌ CDM မလုပ်သော ဝန်ထမ်းများအား ခြိမ်းခြောက် အကြပ်ကိုင်သည့် စာသားပါ လက်ကိုင် စာရွက်များ လိုက်လံဖြန့်ဝေနေသူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၆

နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက်လိုသူအချို့မှလည်း နိုင်ငံတော် ဆန့်ကျင်ရေးစာသားများအား အများပြည်သူသုံးလမ်းမကြီးများ၊ နိုင်ငံတော်ပိုင် နှင့်  အများပြည်သူပိုင် အဆောက်အဦများပေါ်တွင် ရေးသားခြင်း၊ ဆန့်ကျင်ရေးစာသားပါ ဗီနိုင်းစများ၊ ပိုစတာများ၊ စာရွက်များ အား ချိတ်ဆွဲခြင်း၊ လမ်းများပေါ်တွင် ဖြန့်ကြဲခြင်းတို့ဖြင့် နိုင်ငံတော်အတွင်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာ အေးချမ်း သာယာရေးအတွက် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များအား ဥပဒေနှင့်အညီ ဖြိုခွဲ ထိန်းသိမ်းလျက်ရှိသကဲ့သို့ ဆန့်ကျင်စာ၊ လှုံ့ဆော်စာ၊ ရေးသား လှုံ့ဆော်ဖြန့်ဝေသူများကိုလည်း နိုင်ငံတော်တည်ငြိမ်ရေးအတွက် ရှေ့ရှု့ကာဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းဆောင်ရွက်လျက် ရှိသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ မေလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ (၄) မိုင်၊ (၅) မိုင်နှင့်(၆) မိုင်ကျေးရွာများတွင် CDM မလုပ်သော ဝန်ထမ်းများ အား ခြိမ်းခြောက်အကြပ်ကိုင်သည့် စာသားပါ လက်ကိုင် စာရွက်များ လိုက်လံဖြန့်ဝေနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေဖမ်းဆီးရာ  ပေသောင်ကျေးရွာအနီး သဲသောင်ပြင်အရောက်၌ မသင်္ကာသူ အမျိုးသား ၁ ဦးအား တွေ့ရှိရသဖြင့် စစ်ဆေးရာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ ဓမ္မသီတဂူကျောင်း တိုက်နေ အရှင်ဆန္ဒသူရိယ (ခ) ကျော်မျိုးသက် (၂၃)နှစ်ဖြစ်ပြီး ၎င်းလွယ်ထားသည့် ကျောပိုးအိတ် အတွင်းမှ CDM မလုပ်သော ဝန်ထမ်းများအား ခြိမ်းခြောက်အကြပ်ကိုင်သည့် စာသားပါ လက်ကိုင် A-4 စာရွက်များနှင့် ၎င်းဝတ်ဆင်ခဲ့သည့်် သင်္ဃန်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်