Skip to main content

အကြမ်းဖက်မှုလုပ်ရပ်များလုပ်ဆောင်ရန်အတွက် လက်လုပ်မိုင်းများအား ပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွား

နေပြည်တော် မေ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချုပ်(၂)ရပ်ကွက်၊ နတ်မောက်လမ်း၊ ဗိုလ်ချုပ်ပန်းခြံ အတွင်းရှိ Team PT အားကစားခန်းမအတွင်း၌ မေ ၅ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန်အတွက် လက်လုပ်မိုင်းများအား ပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

သွားရောက်စစ်ဆေး

ဖြစ်စဉ်အား စိစစ်ခဲ့ရာ အမှတ်(၄၆)၊ ဥဿဖရားလမ်း၊ ကျိုက္ကဆံရပ်ကွက်၊ ဗဟန်းမြို့နယ်နေသူ ဖြစ်သည့် သော်ထူးနိုင်(ခ)ဖိုးသော်(ဘ)ဦးအောင်စိုး သည် ၎င်း ပိုင်ဆိုင်သည့် ဗိုလ်ချုပ်လမ်းရှိ Team PT အားကစားခန်းမ၌ အကြမ်းဖက်မှုများ လုပ်ဆောင်ရာတွင် အသုံးပြုရန်အတွက် လက်လုပ်မိုင်း စမ်းသပ်လုပ်ဆောင်နေစဉ် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်အနှံ့အပြားတွင် လက်လုပ်မိုင်းစ ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ည ၁၁ နာရီခွဲခန့်တွင် မြောက်ဉက္ကလာပမြို့နယ်၊ မေဓာဝီ ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးမှုများ ဆောင်ရွက်စဉ် ဒဏ်ရာရရှိသူအား ဆေးရုံသို့ လိုက်ပါ ပို့ဆောင်သော Honda STEP WGN အမျိုးအစား MDY 1l/------ မော်တော် ယာဉ်အတွင်းမှ အလျား ၆ လက်မခန့်၊ အချင်း ၁ လက်မခွဲခန့်ရှိ  PVC ပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံးအား တွေ့ရှိရသဖြင့် လိုက်ပါပို့ဆောင်သူ မြတ်ထူးနိုင်(ခ)ကောင်းစည်သူ(ဘ)ဦးအောင်နိုင်၊ ဟန်ထူးနိုင်(ဘ)ဦးအောင်နိုင် နှင့် မေရတနာလှိုင်(ဘ)ဦးဝင်းလှိုင် တို့အား ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါ Team PT အားကစားခန်းမအတွင်း ဆက်လက် ရှာဖွေခဲ့ရာ  CZ 75 Compact ၉ မမ ပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ၎င်းကျည် ၁၁ တောင့်၊ ဒီတိုနေတာ ၅၃ ချောင်း၊ ဓာတ်ငွေ့ကာ နှာခေါင်းစွပ် ၇ ခု၊ ဓာတ်ငွေ့ကာ မျက်မှန် ၁၀ ခု၊ PVC ပိုက် (အချင်း ၁ လက်မ၊ အလျား ၈ လက်မခန့်ရှိ) ၂၇ ခု၊ ကော်ဘူး ၉ ဘူး၊ ယမ်းထုတ်ယူထားသော မီးရှူးမီးပန်းအပိုင်း အစများ ၂ အိတ်၊ ဗျောက်အလုံး(၁၀၀ ပါ) ၁၅၀ ထုပ်၊ ဝါးညှပ်ခလုတ်(ဓာတ်ခဲပါ) ၇ ခု၊ အမိုနီယမ်နိုက်ထရိတ် ၅၀ ကျပ်သား၊ ကန့် ၅၀ ကျပ်သား၊ ယမ်းကြိုးအပိုင်းအစ ၁ ထုပ်၊ ယမ်းညှင်းမှုန့် ၂ ဘူး၊ ယမ်းချိန်ခွက် ၂ ခွက်၊ ယမ်းနှင့်သံဘောစေ့များရော၍ ထည့်ထားသော စက္ကူဖာ (အသေး) ၁ ဖာ၊ We Don’t Accept စာတမ်းပါကတ်ထူးပြား ၁၅ ခု၊ တူ ၃ လက်၊ ရဲဒင်းအသေး ၁ လက်၊ ဘဏ်စာအုပ် ၉ အုပ်၊ ATM ကတ် ၁၁ ကတ်၊ နိုင်ငံကူးစာအုပ် ၉ အုပ်တို့အား ထပ်မံ သိမ်းဆည်းရမိခဲ့သည်။

ဆန့်ကျင်လျက်ရှိ

တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေညာထားသော NUG အဖွဲ့အနေဖြင့်  နိုင်ငံတစ်ဝန်း ဆူပူ အကြမ်းဖက်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ကြေညာချက်များ ထုတ်ပြန်ခြင်း၊ တိုက်တွန်းခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထင်ပေါ်ကျော်ကြားသူအချို့သည်လည်း ၎င်းတို့၏ ထင်ပေါ်ကျော်ကြားမှုကို အသုံးချ၍ ပြည်သူလူထုအား အကြောက်တရားများ ဖြစ်ပေါ် လာစေရန် သွေးထိုးလှုံ့ဆော်ပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ဆောင်မှုများကို ပြုလုပ်ခြင်း၊ ပြုလုပ်ရန် ဆောင်ရွက်ခြင်းများရှိသည့်အတွက် အပြစ်မဲ့ပြည်သူအချို့ ထိခိုက် ဒဏ်ရာရ သေဆုံးခြင်း၊ နေ့စဉ်လူမှုစီးပွားဘဝများ ထိခိုက်ရခြင်းများရှိသဖြင့် ပြည်သူထူထုအနေဖြင့် ၎င်းအကြမ်းဖက် သမားများနှင့် အကြမ်းဖက်လုပ်ရပ်များ အပေါ် ဆန့်ကျင်လျက်ရှိသည်။

အဆိုပါ အကြမ်းဖက်မှုများလုပ်ဆောင်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ များအား တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

သတင်းစဉ်