နေပြည်တော် မေ ၆
(၁၃) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းပေါင်းစပ်ညှိနှိုင်းရေး ညီလာခံကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ယနေ့နံနက် ၈ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ အာဆီယံအဆင့်မြင့် ဉပဒေအရာရှိကြီးများ အစည်းအဝေး (ASLOM) အလှည့်ကျဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးစန်းလွင် တက်ရောက်ပြီး ASLOM ၏ လုပ်ငန်း ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားသည်။
ASLOM အလှည့်ကျဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က ဆွေးနွေးပြောကြားရာတွင် ဥပဒေ မူဘောင်များ တိုးတက်ကောင်းမွန်ရေးအတွက် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု များ မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ASLOM နှင့် အာဆီယံ ဥပဒေပညာရှင်များအသင်း (ALA) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေ ရေးရာ အပြန်အလှန် အကူအညီပေးရေး သဘောတူစာချုပ် (MLAT) ကို အာဆီယံပဋိညာဉ်၏ နောက်ဆက်တွဲ (၁) အဖြစ် ထည့်သွင်းသတ်မှတ်နိုင်ခဲ့ပြီး ဖြစ်သည့်အတွက် လက်ရှိအချိန်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ မဟုတ်သည့် တတိယနိုင်ငံများကိုလည်း MLAT သဘောတူစာချုပ်တွင် ပါဝင် နိုင်ရေး လုပ်ငန်းစဉ်ကို ဆွေးနွေးညှိနှိုင်းလျက်ရှိပါကြောင်း၊ ASLOM အနေဖြင့် အာဆီယံပဋိညာဉ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ပြန်လည်သုံးသပ်ခြင်း၊ အရေးပေါ်အခြေအနေနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စရပ်များအပေါ် အာဆီယံ၏ တုံ့ပြန်ဖြေရှင်းမှုများ၊ ကလေးသူငယ် အခွင့် အရေးကာကွယ်ပေးမှုများ စသည့်ကိစ္စရပ်များတွင် အကြံပြုပံ့ပိုးလျက်ရှိပါကြောင်း၊ ထို့ပြင် ASLOM အနေဖြင့် တရားခံ (လွှဲပြောင်းရေးဆိုင်ရာ အာဆီယံသဘောတူစာချုပ် မူကြမ်းရေးဆွဲရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ကျင်းပ ခဲ့ပါကြောင်း ဆွေးနွေးပြောကြားသည်။
တင်ပြဆွေးနွေးခဲ့
ညီလာခံသို့ တက်ရောက်လာသည့် အာဆီယံ ကဏ္ဍအလိုက် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် များက အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း အခြေပြမြေပုံ (APSC Blueprint 2025) အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ အာဆီယံမျှော်မှန်းချက် (ASEAN Post-2025 Vision) ဖော်ဆောင်မှုအခြေအနေနှင့် အာဆီယံအဖွဲ့ဝင်သစ်အဖြစ် အရှေ့တီမောနိုင်ငံ၏ လျှောက်ထားမှု တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
တက်ရောက် ညီလာခံသို့ ASLOM အလှည့်ကျဥက္ကဋ္ဌ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်နှင့်အတူ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်နှင့် ဥပဒေအရာရှိများ တက်ရောက်ကြသည်။
သတင်းစဉ်