Skip to main content

ဒီမိုကရေစီကိုနှစ်သက်မြတ်နိုးပါက စည်းကမ်း၊ ဥပဒေကိုလေးစားလိုက်နာ

ဒီမိုကရေစီနိုင်ငံတွင် ပြည်သူတို့သည် လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ပြည်သူ့အခွင့် အရေးများကို မပြတ်မလပ်ရယူအပ်၊ စောင့်ရှောက်ကာကွယ်အပ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရ များကို လေးလေးနက်နက် သိရှိနားလည်အပ်သည်။ ဒီမိုကရေစီကို ဝေဝါးထွေပြား တွေဝေမနေရပေ။ ဝေဝါးထွေပြားပါက ဒီမိုကရေစီအငိုက် မိတတ်သည်။ ဒီမိုကရေစီဝါဒလှလှလေးများကို ဗန်းပြပြီး အာဏာရှင်စနစ်ကို ထူထောင်သော နိုင်ငံရေးပါတီများ၏ သြဇာအာဏာစက်အောက်သို့ ကျရောက် တတ်သည်။

ပြည်သူများအနေဖြင့် လက်နက်ကိုင်ထားသူကိုသာ အာဏာရှင်ဟု ယုံကြည်ကြသည်။ လက်နက် မကိုင်သူကို ပြည်သူ၊ လက်နက်မရှိသူကို ပြည်သူ့အစိုးရဟု မှတ်ယူကြသည်။ လက်တွေ့တွင် ဒီမိုကရေစီတံဆိပ်ကပ်ထားသူများက လက်နက်မကိုင်တတ်သောပြည်သူများအား လက်နက်ကိုင် အကြမ်းဖက်နည်းကို လမ်းခင်းပေး လိုက်ပေသည်။ ဒီမိုကရေစီနိုင်ငံတွင် ဆူပူဆန္ဒပြမှုကြောင့် ထိခိုက်မှုအနည်းငယ်ရှိ နိုင်သော်လည်း နိုင်ငံရေးဝါဒမှိုင်းလက်နက်ဖြင့် တိုက်ခိုက်မှုကြောင့် လူအများအပြား ထိခိုက်နေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ဒီမိုကရေစီနိုင်ငံတွင် ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ခွင့်ရှိသော်လည်း အကြမ်းဖက်ဆူပူဆန္ဒပြမှုကို လက်မခံနိုင်ပေ။ အကြမ်းဖက်ဆူပူမှုသည် ဒီမိုကရေစီမဟုတ်၊ မင်းမဲ့စရိုက်သာဖြစ်သည်။

ယနေ့မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာဆန္ဒပြမှုများ မပြုလုပ်တော့ဘဲ အကြမ်းဖက် ဆူပူဆန္ဒပြမှုကို ကျော်လွန်ကာ အကြမ်းဖက်တိုက်ခိုက်မှုများ ဟိုနားဒီနားပြုလုပ် လာကြသည်ကို တွေ့ရသည်။ အထူးသဖြင့် ဒီမိုကရေစီကို သိနားလည်မှုအားနည်း

သော ကျေးလက်ဒေသများတွင် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်လာကြရာ အပြစ်မဲ့ပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိလာသည်။ ဒီမိုကရေစီနိုင်ငံတွင်သာမက မည်သည့် နိုင်ငံတွင်မဆို ဆူပူအကြမ်းဖက်မှုများကို လက်မခံကြပေ။ အကြမ်းဖက်တိုက်ခိုက်မှုများဆိုလျှင် ပို၍လက်မခံပေ။ ဆူပူအကြမ်းဖက်မှုများ၊ အကြမ်းဖက်တိုက်ခိုက်မှုများအား ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးကာကွယ်ကြရမည်သာဖြစ်သည်။

အာဏာရှင်နိုင်ငံကို မလိုလားပါလျှင် စစ်မှန်သောဒီမိုကရေစီနိုင်ငံအဖြစ်ကို လက်ခံရမည်သာ ဖြစ်သည်။ စစ်မှန်သောဒီမိုကရေစီနိုင်ငံတွင် ဥပဒေ၊ စည်းကမ်းနှင့်အညီ ဆန္ဒထုတ်ဖော်ခွင့်ရှိပြီး ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်တတ်သည့် အလေ့အကျင့် ရှိရမည်ဖြစ်သည်။ ယခုအခါတွင် ဒီမိုကရေစီရရှိရေး၊ အာဏာရှင်စနစ်ဖယ်ရှားရေးဟု ကြွေးကြော် နေကြသော်လည်း ဒီမိုကရေစီအလေ့အထ၊ ဒီမိုကရေစီစံနှုန်းများနှင့် မဆီလျော်သည့် အကြမ်းဖက် တိုက်ခိုက်မှုများအား ပြုလုပ်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၌ ဒီမိုကရေစီကို လိုလားပါသည်။ တည်ဆောက်ပါသည်ဟုဆိုသော်လည်း မြန်မာ့ဓလေ့ စရိုက်နှင့်မဆီလျော်သည့်၊ ဒီမိုကရေစီစနစ်နှင့်မကိုက်ညီသည့် အပြုအမူများ လုပ်ကိုင်နေကြသည်ကို တွေ့ရသည်။

ပါတီစုံဒီမိုကရေစီစနစ်အရ ပေါ်ပေါက်လာသောအစိုးရသည် တိုင်းပြည်၏မူလရှိပြီး အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး တိုင်းပြည်ဖွံ့ဖြိုး တိုးတက်လာ အောင် ဆောင်ရွက်ရန်တာဝန်ရှိပေသည်။ ထိုသို့မဟုတ်မူဘဲ ဒီမိုကရေစီအာဏာရှင်စနစ်ကို ထူထောင်ပြီး နိုင်ငံရေး လက်နက်ဖြင့် ပြည်သူကိုအသုံးချကာ တိုင်းပြည်ပြိုကွဲပျက်စီးစေမည့် အကြမ်းဖက် လုပ်ရပ်များပြုလုပ်လာလျှင် တပ်မတော်သည် ပြည်ထောင်စုကြီး မပြိုကွဲအောင် တွန်းလှန်ဖယ်ရှားသွားမည်သာဖြစ်သည်။ သမိုင်းကြောင်းအစဉ်အလာကြီးမားသော တပ်မတော် သည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှု၊ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေး ဖျက်ဆီးမှုမှန်သမျှတို့ကို အစဉ်အမြဲကာကွယ်သွားမည်သာဖြစ်သည်။

သို့ဖြစ်ရာ ယနေ့အချိန်အခါတွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ပြည်ထောင်စုကြီး တည်တံ့ ခိုင်မြဲရေးကို ဖျက်ဆီးနေသည့် အစွန်းရောက်နိုင်ငံရေး သမားများနှင့် အကြမ်းဖက်အဖျက်သမားများ အားလုံးတို့ကို အစဉ်အလာကြီးမားသော တပ်မတော်ကြီးက တိုက်ဖျက်ကာကွယ်သွားမည်ဖြစ်ရာ ဒီမိုကရေစီကိုနှစ်သက် မြတ်နိုးသော တိုင်းရင်းသားပြည်သူများအနေဖြင့် ဒီမိုကရေစီစနစ်နှင့် ထိုက်တန်သည့် စည်းကမ်း၊ ဥပဒေများကို လေးစားလိုက်နာကာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။ ။