Skip to main content

စိုက်ပြီးသစ်ပင် ရှင်သန်စေလို ရှင်ပြီးသစ်ပင် မခုတ်ထွင်စေလို

မကြာမီ မိုးရာသီကျရောက်လာတော့မည်ဖြစ်ရာ နှစ်စဉ်ကဲ့သို့ပင် သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပပြီး သစ်ပင်များ စိုက်ပျိုးကြတော့မည်။ သစ်တောနှင့် သစ်ပင် ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုးဟုဆိုသည့် သစ်ပင်စိုက်ပျိုးရေး နှိုးဆော်သည့် ဆောင်ပုဒ်ကလေးကိုပင် အားမနာဘဲသစ်ပင်များကို ခုတ်ထွင်ဖယ်ရှားရန် လက်မနှေးသူ များစွာရှိကြရာ မြို့ပြဒေသ လူတို့ အနီးရှိ သစ်ပင်များရော တောတောင်များရှိ သစ်ပင်များပါ ခုတ်လှဲခံနေကြရသည်ကို တွေ့နေကြရ သည်။

သစ်ပင်များသည် လူသားတို့၏ အသက်ရှင်သန်ရေးတွင် လွန်စွာအရေးပါသည့် မိတ်ဖက်များ၊ မိတ်ဆွေကောင်းများဖြစ်ကြသည်။ သစ်ပင်များ၏ အစာချက်လုပ်မှုဖြစ်စဉ်တွင် ဇီဝဒြပ်ထု (Biomass) တစ်ဂရမ်ဖြစ်ရန်အတွက် သစ်ပင်များသည် လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက် ၁ ဒသမ ၆၃ ဂရမ်ကို စုပ်ယူပြီး လေထုအတွင်းသို့ အောက်ဆီဂျင် ၁ဒသမ ၁၈၅ ဂရမ်ကို ပြန်လည် ထုတ်လွှတ်ပေးနေကြသည်။ မြက်ပင်၊ ပေါင်းပင်၊ ချုံပင်၊ သစ်ပင် စသည်ဖြင့် မြေပြင်မှသည် လေထုထဲအထိ အဆင့်ဆင့် ဖုံးလွှမ်း နေသည့် သစ်ပင်များ စုဝေးနေသော သစ်တောများက လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူဖယ်ရှားသည့် သဘာဝ ယန္တရားကြီးများဟု ဆိုနိုင် သည်။ သစ်တောသစ်ပင်တို့ကြောင့် လေထုသန့်စင်သည့်အတွက် ယင်းဒေသတွင် နေထိုင်သူများမှာ အသက်တစ်နှစ် ပိုရှည်သည်ဟူ၍လည်း သုတေသီတို့က ဆိုကြသည်။

သစ်ပင်သစ်တောများက အရိပ်ရစေသည့်အတွက် အပူဒဏ်ကို လျှော့ချပေးနိုင်သလို လေထုထဲမှ အမှုန်အမွှားများကိုလည်း ဖယ်ရှားပေးနိုင်သည်။ မြို့ပြဒေသများတွင် အဆောက်အအုံများမှ အပူနှင့် အလင်းပြန်ခြင်းတို့ကို သစ်ပင်တန်းများ၊ သစ်တောအတု များဖန်တီး၍ တားဆီးကြရသည်။ ထို့အပြင် အသံဆူညံမှုတို့ကို လည်း လျှော့ချပေးနိုင်သည်။ နေက်ထပ် အကျိုးကျေးဇူးပြုမှုမှာ လူတို့၏ စိတ်ပိုင်းဆိုင်ရအပေါ်ကောင်းသောသက်ရောက်မှုများ ဖြစ်ပေါ်စေခြင်းဖြစ်သည်။ စိမ်းလန်းအေးမြပြီး အရိပ်ရသည့် ရိပ်သာလမ်းများ၊ ပန်းဥယျာဉ်၊ သစ်တောဥယျာဉ်များက လူတို့၏ စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပြီး အမောအပန်းပြေစေ သည်။ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုများကိုလည်း ပြေသွား စေသည်။

“သစ်တောပြုန်းတီးမှုများ ပိုမိုများပြားလာသဖြင့် ရာသီဥတု ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်း ကြောင့် သစ်တောပြုန်းတီးမှုများကို ထိန်းသိမ်းရန်လိုကြောင်း၊ သစ်ပင်များစိုက်ပျိုးရာတွင်လည်း ပျိုးပင်များအား ဒေသနှင့်ကိုက်ညီသည့်အပင်၊ ပျိုးသက်ကောင်းမွန်သည့် အပင်များကို ရွေးချယ် စိုက်ပျိုး၍ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ရာ စိုက်ပြီးသည့် အပင်များ စိုက်သမျှ ရှင်သန်ရေး၊ ရေရှည်တွင် သစ်ပင်သစ်တောများဖြင့် စိမ်းလန်းစိုပြည်လာရေးတို့ အတွက် ဆောင်ရွက်ကြရမည့် အချက်များပင် ဖြစ်သည်။ ။

သစ်ပင်သစ်တောများ စိုက်ပျိုးခြင်း၊ ပြုစုပျိုးထောင်ခြင်းတို့ကို နှစ်စဉ်မပျက်ပြုလုပ်သကဲ့သို့ တစ်ဖက်တွင်လည်း သစ်ပင်ခုတ်ခြင်းများကို ကြပ်မတ်ထိန်းသိမ်းရန်လိုသည်။ မြို့ပြသေများ တွင်လည်း သစ်ပင်များစိုက်ပျိုးခြင်းကို လူသွားစင်္ကြံများ၊ရေပိုက်ရေမြောင်းများ၊ မီးကြိုး၊ ဆက်သွယ် ရေးကြိုးများနှင့် လွတ်ကင်းကောင်း၊ စနစ်တကျ ပုံစံချစိုက်ပျိုးခြင်း၊ သင်ကြီးများရွှေ့ပြောင်းစိုက်ပျိုး ခြင်းနည်းလမ်းများဖြင့် သစ်ပင်များမခုတ်လှဲရအောင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများရှိပြီး ဖြစ်သည်။ သစ်တောသစ်ပင်များသည် လူသားတို့၏ မိတ်ဖက်များဖြစ်သည့်အလျောက် သစ်တော သစ်ပင် ချစ်ခင်သူများပီပီ သစ်ပင်များစိုက်ပျိုးရေး၊ ပြုစုပျိုးထောင်ရေး၊ သစ်ပင်များမခုတ်လှဲရေး တို့တွင် လူတိုင်းပါဝင်ဆောင်ရွက်နိုင် ကြပါစေလိုကြောင်း။ ။