ရန်ကုန် မေ ၃
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက The World Press Freedom Day ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “Press Freedom ကို ဦးတည်ကာ မီဒီယာစင်တာ ထူထောင် ကြစို့” စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်း အမှတ်(၃၉၂/၃၉၆)ရှိ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီရုံး၌ကျင်းပသည်။
စကားဝိုင်းဆွေးနွေးပွဲသို့ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ ယာယီဥက္ကဋ္ဌနှင့် ကောင်စီဝင်များ တက်ရောက်ကြပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ယာယီဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။
“မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှာ ထွက်သွားတဲ့ ကောင်စီဝင်တွေ နေရာဖြည့်ဖို့ လိုအပ်ချက်က ပြည့်စုံသွားပြီ။ အဲဒီလိုပြည့်သွားတဲ့ အချိန်မှာပဲ ဒီနေ့က The World Press Freedom Day ဆိုတော့ မီဒီယာ အကုန်လုံးနဲ့ သက်ဆိုင်တဲ့ အတွက် ရွေးချယ်ခံရတဲ့ သတင်း မီဒီယာ ကောင်စီဝင်အသစ်တွေနဲ့ မိတ်ဆက်ပေး ချင်တယ်။ ဒါက ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ လှုပ်ရှားမှုတစ်ခုပါ၊ မီဒီယာစင်တာလေး လုပ်ဖို့။ အခုကောင်စီဝင် အသစ်တွေကလည်း မီဒီယာနဲ့ပတ်သက်ပြီး အတွေ့အကြုံရှိတဲ့သူတွေဆိုတော့ သူတို့ ပြောတာတွေက အလွန်ကို တန်ဖိုးရှိတဲ့အချက်အလက်တွေဖြစ်တယ်။ ကျွန်တော်တို့လုပ် နေတဲ့ မီဒီယာ စင်တာရဲ့လိုအပ်တဲ့အချက်တွေမှာ ဒါတွေကို ထပ်ပြီး ပြန်လည်ပံ့ပိုးပေးလိုက်ရင် နိုင်ငံအတွက် အရေးပါတဲ့ လက်တွေ့ကျတဲ့ မီဒီယာစင်တာလေးဖြစ်နိုင်တယ်လို့ ယုံကြည်ပါတယ်”ဟု မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ယာယီ ဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်က ပြောသည်။
ယနေ့ ဆွေးနွေးပွဲတွင် The World Press Freedom Day ၏ဂုဏ်ပြု ဆောင်ပုဒ် ဖြစ်သည့် “Press Freedom ကို ဦးတည်ကာ မီဒီယာစင်တာ ထူထောင်ကြစို့” နှင့်အညီ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တာဝန်ရှိသူများက မီဒီယာစင်တာ ထူထောင်ရေးနှင့် စပ်လျဉ်း၍ မိမိတို့အတွေ့အကြုံများအရ အဆိုပြုချက်များကို တင်ပြ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)