Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် (၂၄) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် မေ ၃ (၂၄)ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် Virtual စနစ်ဖြင့်ကျင်းပရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် နေပြည်တော်မှ ပါဝင်တက်ရောက်သည်။

ယင်းအစည်းအဝေးသည် မေ ၃ ရက်မှ ၅ ရက်အထိ Virtual စနစ်ဖြင့် ကျင်းပလျက်ရှိသည့် (၅၄)ကြိမ်မြောက် အာရှဖွံ့ဖြိုးရေးဘဏ် နှစ်ပတ်လည် အစည်းအဝေးနှင့် ဆက်စပ် ကျင်းပခြင်းဖြစ်သည်။ အစည်းအဝေးကို ဘရူနိုင်းဒါရူဆလမ်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံ တို့က အလှည့်ကျ ပူးတွဲ သဘာပတိများအဖြစ် တာဝန်ယူကျင်းပခြင်းဖြစ်သည်။ အစည်းအဝေးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အာဆီယံ+၃ ဒေသတွင်း စီးပွားရေးတိုးတက်မှု ကျဆင်းခဲ့ခြင်းနှင့် ကုစားမှု အစီအစဉ်များအပေါ် ပြန်လည်သုံးသပ်ပြီး၊ ရေရှည်တွင် ခံနိုင်ရည်ရှိသည့် စဉ်ဆက်မပြတ် တိုးတက်မှု ရရှိစေရေးအတွက် အားလုံးပါဝင်ဆောင်ရွက်သွားမည့် နည်းလမ်းများကို ရှာဖွေဖော်ထုတ်နိုင်ရေး ကိစ္စရပ်များ၊ ဒေသတွင်း စီးပွားရေးတိုးတက်မှုနှင့် ဘဏ္ဍာရေးကဏ္ဍ တည်ငြိမ်မှုရှိလာစေ ရေးတို့အတွက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ အာဆီယံ+၃ နိုင်ငံများနှင့်အတူ IMF, ADB, AMRO တို့က အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အစီအစဉ်အရ ချင်းမိုင်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေးလုပ်ငန်းစဉ် (Chiang Mai Initiative Multilateralisation– CMIM) သဘောတူညီချက်ပြင်ဆင်ခြင်းကို အတည်ပြုခြင်း၊ အာဆီယံ+၃ မက်ခရိုစီးပွားရေး သုတေသနရုံး (ASEAN+3 Macroeconomic Research Office – AMRO)၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အာရှဒေသငွေချေးစာချုပ် ဈေးကွက်ဖွံ့ဖြိုးရေး အစီအစဉ်များ (Asian Bond Markets Initiatives – ABMI) ၏ ဖွံ့ဖြိုးတိုးတက်မှုများ၊ အာဆီယံ+၃ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်၏ အနာဂတ်ဦးစားပေး အစီအစဉ်များအဖြစ် လုပ်ငန်းအဖွဲ့ (၄) ခု ဖွဲ့စည်းခြင်းအား အတည်ပြုခြင်း စသည်တို့ကို တက်ရောက်လာကြသည့် အာဆီယံ (၁၀) နိုင်ငံနှင့် အပေါင်း(၃) နိုင်ငံများဖြစ်ကြသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့မှ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ IMF, ADB နှင့် AMRO တို့မှ စီးပွားရေးပညာရှင်များက ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပါဝင်ဆွေးနွေးရာ၌ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် တစ်နိုင်ငံချင်းအလိုက် သော်လည်းကောင်း၊ အာဆီယံ+၃ ဒေသအလိုက်သော် လည်းကောင်း တုံ့ပြန်ဆောင်ရွက် ကြသကဲ့သို့ မိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်းများနှင့်ပူးပေါင်း၍လည်း တုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ရောဂါသက်ရောက် မှုကြောင့် နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် မြန်မာအစိုးရအနေဖြင့် Comprehensive Economic Stimulus Plan တစ်ခုအဖြစ် COVID-19 Economic Relief Plan (CERP) ကို ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ CERP သည် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ကုစားပေးနိုင်ရန်နှင့် စီးပွားရေးပြန်လည် နာလန်ထူလာမှုကို အထောက်အကူပြုရန် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ဒေသတွင်းပြန်လည် ထူထောင်ရေး နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ+၃ နိုင်ငံများနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုများကို အာဆီယံ+၃ နိုင်ငံများ၏ စုပေါင်းအားဖြင့် ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် အနာဂတ် မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သည့်အခြေအနေကောင်းများ ဖန်တီးပေးနိုင်ရေးကို ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပါဝင်ဆွေးနွေးသည်။

ယင်းနောက် အာဆီယံ+၃ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ် အကောင် အထည် ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ တိုးတက်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ပါဝင်သည့် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌများ၏ ပူးတွဲကြေညာချက် (Joint Statement) ကို အစည်းအဝေးမှ အတည်ပြုသည်။ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ပါဝင်တက်ရောက်ခဲ့သည်။ ယင်းနေ့ မွန်းလွဲ ၃ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပသည့် Governors' Seminar on Cooperation for a Resilient Future ဆွေးနွေးပွဲသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ပါဝင်တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် အာရှဖွံ့ဖြိုးရေးဘဏ်၊ ဥက္ကဋ္ဌ Mr. Masatsugu Asakawa က ဦးဆောင်၍ အာရှနှင့်ပစိဖိတ် ဒေသ၌ စီးပွားရေးမူဝါဒများ ပြုပြင်ပြောင်းလဲခြင်းနှင့် ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးသည် အားကောင်းသော ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ရာ ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် ထိခိုက်မှုအများဆုံးကြုံခဲ့ရသည့် နယ်စပ်ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွား လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုး တိုးတက်လာရေးအတွက် တုံ့ပြန်ဆောင်ရွက် နိုင်မည့်နည်းလမ်းများ၊ digitalization နှင့် innovation တို့ကို အကောင်းဆုံး ဆက်စပ်အသုံးပြုခြင်း အားဖြင့် ခံနိုင်ရည်ရှိပြီး အားလုံးပါဝင်ဆောင်ရွက်သည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ၊ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုဖြင့် ကပ်ရောဂါ၏ထိခိုက်မှုများမှ ပြန်လည်ရုန်းထနိုင်မည့် အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုစနစ်များဖြင့် စဉ်ဆက်မပြတ် တိုးတက်မှုရရှိနိုင်ရေး ဆောင်ရွက်သွားမည့် နည်းလမ်းများကို တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ နယ်သာလန်၊ ဂျော်ဂျီယာနိုင်ငံတို့မှ ဘဏ္ဍာရေး ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် အာရှဖွံ့ဖြိုးရေးဘဏ်၊ ဥက္ကဋ္ဌ တို့က အဓိကပါဝင်ဆွေးနွေးခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင်ကျင်းပမည့် အာရှဖွံ့ဖြိုးရေးဘဏ် နှစ်ပတ်လည် အစည်းအဝေး၌ (၂၅) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးအား ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့က အလှည့်ကျပူးတွဲသဘာ ပတိများအဖြစ် တာဝန်ယူကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်