Skip to main content

ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ တည်ဆောက်ရေး လုပ်ငန်းများကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၁

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့ နံနက် ၉ နာရီတွင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် ဧည့်ခန်းမဆောင်၌ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

တွေ့ဆုံစဉ် သက်ဆိုင်ရာဌာန တာဝန်ခံများက လုပ်ငန်းဆောင် ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လတ်တလော ဖြေရှင်းပေးရမည့် ကိစ္စရပ်များကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးပြီး ဝန်ထမ်း များကို စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး သည် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့် ဆောင်ရွက်လျက် ရှိသည့် The Project for improvement of Aircraft Surveillance System တွင် ပါဝင်သော လုပ်ငန်းဖြစ်သည့် Aircraft Surveillance RadarASR တပ်ဆင်နိုင်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်း ဆောင်ရွက်နေမှုနှင့် တပ်ဆင်ပြီး ဖြစ်သည့် ရေဒါအမှတ်(၂)ကို ကြည့်ရှုစစ်ဆေးရာ စီမံကိန်းတာဝန်ရှိသူများက စီမံကိန်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက စီမံကိန်းလုပ်ငန်းများကို သတ်မှတ်ထားသည့် စံချိန် စံညွှန်းများနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေးနှင့် သဘာဝဘေး အန္တရာယ် မကျရောက်စေရေးအတွက် ကာကွယ်စီမံမှုများထားရှိ ဆောင်ရွက်သွားကြရန် လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် လေကြောင်းထိန်းမျှော်စင်သို့ သွားရောက်၍ လေကြောင်းထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို တာဝန်ခံများက ရှင်းလင်းတင်ပြရာ  ဒုတိယဝန်ကြီးက လေယာဉ်များ ဘေးအန္တရာယ် ကင်းရှင်းစွာ ဆင်းသက် ပျံသန်းနိုင်ရေးကို အဓိကဦးစားပေး ဆောင်ရွက်ရန်နှင့် လိုအပ်သည်များရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့ ဆောင်ရွက်သွား ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်