Skip to main content

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်းရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၂၈

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ် စီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်း ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်း ရေးဆွဲခြင်းအခြေအနေ များနှင့် ပတ်သက်၍ မသန်စွမ်းသူများ၏ အခွင့်အရေး ကို ပိုမို တိုးတက်အောင်ဆောင်ရွက်ပေးနိုင်ရန်အတွက် မည်သို့ထည့်သွင်းရေးဆွဲထားသည်ကို သိရှိရမည်ဖြစ်၍ စိတ်ဝင်စားမှုရှိပါကြောင်း၊ မသန်စွမ်းမှု အမျိုးအစားများကို အခြေခံမူတည်ပြီး မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်း များနှင့်လည်း ဆက်စပ်နေပါကြောင်း၊ တစ်နိုင်ငံလုံးရှိ မသန်စွမ်းသူများ၏ စာရင်းဇယားများရရှိပြီး ယခုရေးဆွဲနေသော မဟာဗျူဟာနှင့် ချိတ်ဆက် ဆောင်ရွက်ပါက မသန်စွမ်းသူများ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ၂၀၁၉ ခုနှစ်က စတင်ရေးဆွဲခဲ့ပြီး ကဏ္ဍအလိုက် အစည်းအဝေးများနှင့် လုပ်ငန်းစဉ်များ ညှိနှိုင်း အတည်ပြုပေးနိုင်ရေး  လုပ်ငန်းများကို အလေးထားပြီး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ခြင်းသည် နောင်လာမည့်အစိုးရအတွက်လည်း ကြိုတင်ပြင်ဆင် ပေးခြင်းဖြစ်ပါကြောင်း၊ နောက်ဆုံး (မူကြမ်း)အဆင့်ကို ညှိနှိုင်းအတည် ပြုခြင်း၊ လုပ်ငန်းစဉ်များ ပြီးဆုံးပါက ပြည်သူသို့ အသိပေး တင်ပြခြင်းကို ဆောင်ရွက်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း) ပါ အခန်းကဏ္ဍအလိုက် အခန်းကဏ္ဍ တိုင်းတွင် ဦးစားပေး လုပ်ငန်းများကို ထည့်သွင်းရေးဆွဲရာ မသန်စွမ်းသူများ၏ အကျိုးစီးပွား၊ အခွင့်အရေးကို ဦးတည်စဉ်းစား ရေးဆွဲ ထည့်သွင်းသင့်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ အမျိုသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်း အပြီးသတ် ရေးဆွဲနိုင်ရေး အတွက် Technical Core Group နှင့် ညှိနှိုင်း အစည်းအဝေးများပြုလုပ်ပြီး အကြံပြုချက်များ ရယူသင့်ပါကြောင်း၊ မသန်စွမ်းမှု အဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးမှသာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုသားအဆင့် မဟာဗျူဟာ (၅) နှစ် စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဖြည့်စွက် ပြောကြားသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲမှ ညွှန်ကြား ရေးမှူးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ် စီမံကိန်း (၂၀၂၁-၂၀၂၅) မူကြမ်းရေးဆွဲခြင်းနှင့် စပ်လျဉ်းသည့် နောက်ခံ အကြောင်းအရာများ၊ ရည်ရွယ်ချက်များ၊ အခြေခံစည်းမျဉ်းများ၊ နည်းလမ်းများ၊ ချိတ်ဆက် ဆောင်ရွက်မှုများ၊ ဆောင်ရွက် သည့်လုပ်ငန်းစဉ်များ၊ ဆပ်ကော်မတီအလိုက် အစည်းအဝေးများ ကျင်းပခြင်းများ နှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက ဖြည့်စွက်ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေး သော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးအတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့်အခြေအနေများ ရှင်းလင်း တင်ပြသည့် အစည်းအဝေးကိုကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင် က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များမှာ Life Circle Approach ဖြစ်သဖြင့် မိခင်ဝမ်းတွင်းမှ စ၍ သက်ကြီးရွယ်အိုများအထိ အကာအကွယ်ပေးနိုင်ရေး အရေးကြီးပါကြောင်း၊ Social Sector ဖြစ်သည့်အတွက် လုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်လိုအပ်ပါကြောင်း၊ ထိုကြောင့် ဝန်ကြီးဌာနရှိ ဦးစီးဌာန (၃)ခုမှ ကော်မတီများ ဖွဲ့စည်းပြီး ဆက်စပ်ဝန်ကြီး ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ကလေးစစ်သား အသုံးပြုမှု နှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်၏ နောက်ဆက်တွဲ စာရင်းမှ Delist ဖြစ်ပြီးဖြစ်သဖြင့် တပ်မ တော်၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာအတွက် ကောင်းသောပုံရိပ် လက္ခဏာပင် ဖြစ်ပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ် တားဆီးနိုင်ရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ဝင်းခိုင် က လက်နက်ကိုင် ပဋိပက္ခများကြောင့် ကလေး သူငယ်များအပေါ် ထိခိုက်မှုများရှိပါကြောင်း၊ ကလေးသူငယ်များ အနေဖြင့် ကိုယ်တိုင်ထိခိုက် ခံစားရခြင်းများ ရှိသကဲ့သို့ မိဘများ၊ မိသားစုဝင်များ ထိခိုက်ခံစားရခြင်း သည်လည်း ကလေးသူငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေနိုင်သဖြင့် ကလေးသူငယ်များ၏ အခြေခံအခွင့်အရေးကို ထိပါးခြင်းပင် ဖြစ်ပါကြောင်း၊ ကလေးသူငယ်အခွင့်အရေး ဥပဒေကိုလည်း (၂၀၁၉)ခုနှစ်တွင် ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တား ဆီးနိုင်ရေး အတွက် ကြိုတင်ကာကွယ်ပေးခြင်း၊ ကာကွယ်စောင့်ရှောက်ကူညီပေးခြင်း နှင့် ကျူးလွန်ခံရသူများအား ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုပေးခြင်း များ ဆောင် ရွက်ပေးရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူက လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

အစည်းအဝေးတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်း ကော်မတီနှင့် လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် အကောင်အထည် ဖော်နိုင်ရေး အမျိုးသားအဆင့်‌ ကော်မတီ တို့ကို ဆက်လက်ဖွဲ့စည်းဆောင်ရွက်သွားရန်နှင့် စောင့်ကြည့် စစ်ဆေးခြင်း၊ အကဲဖြတ်ခြင်း (Monitoring and Evaluation) လုပ်ငန်းတာဝန်ကို လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ်ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်အဖြစ် သတ်မှတ်ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)