နေပြည်တော် အောက်တိုဘာ ၄
ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ မက်ထရိုမနီလာပါစေးမြို့တွင် အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိကျင်းပခဲ့သည့် (၄၇)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ တီမောလက်စတေနိုင်ငံ၊ အပေါင်းသုံးနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ လယ်ယာစိုက်ပျိုး ရေးနှင့်သစ်တောဆိုင်ရာဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့သည်။
အောက်တိုဘာ ၁ ရက်တွင်ကျင်းပသည့် (၄၇) ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးတွင် (၄၆)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တာဝန်ပြီးစီးမည့်ဥက္ကဋ္ဌအနေဖြင့် မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဝန်ကြီးဌာနအပေါ် ယုံကြည်မှုအပြည့်အဝဖြင့် မြန်မာ နိုင်ငံမှ ဥက္ကဋ္ဌတာဝန်ယူစဉ်ကာလအတွင်း အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ မူဝါဒများ၊ လမ်းညွှန်ချက်များနှင့် အကောင်းဆုံးလုပ်ထုံးလုပ်နည်းများ စသည့်လုပ်ငန်းစဉ် ၁၆ ခုကို လက်ခံ အတည်ပြုနိုင်ခဲ့ပြီး စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ လုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀) ကိုလည်း အပြီးသတ်ဆွေးနွေးခဲ့ပြီးဖြစ်သည့်အတွက် ဤအစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်ကြောင်းနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း သိသာထင်ရှားသည့် တိုးတက်မှုများရရှိခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အရေးပေါ် အခြေအနေများအား ကူညီဖြေရှင်းပေးခြင်းနှင့် စားရေရိက္ခာဖူလုံမှုကဏ္ဍတွင် ပံ့ပိုးကူညီမှုများအတွက် တရုတ်၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံ တို့ကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ ဥက္ကဋ္ဌတာဝန် ဆက်လက်ထမ်းဆောင်မည့် ဖိလစ်ပိုင်နိုင်ငံ၏ ဦးဆောင်မှုအပေါ် ယုံကြည်မှုအပြည့်ဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံမှ ကိုယ်စားလှယ်များအားလုံး ပူးပေါင်း ဆောင်ရွက်ရေးနှင့် စည်းလုံးညီညွတ်မှုစိတ်ဓာတ်ဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပြီး သဘာပတိတာဝန်အား ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် အစည်းအဝေးအား ဆက်လက်ကျင်းပခဲ့ရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပခဲ့သည့် (၄၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် (၅၇)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးတို့မှထွက်ပေါ်လာသည့် အရေးကြီးသည့်ရလဒ်များ၊ အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မူဝါဒမူဘောင်အရ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ၂၀၄၅ ခုနှစ်ဆီသို့ မျှော်မှန်းသည့် စားရေ ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ကြေညာချက်နှင့် အာဆီယံမူဘောင်၊ အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ လုပ်ငန်းအစီအစဉ် ၂၀၂၆-၂၀၃၀၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူတကွ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေးခဲ့ကြပြီး စားရေရိက္ခာ၊ စိုက်ပျိုးရေး နှင့် သစ်တောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကတိကဝတ် ပြုခဲ့ကြသည်။
အစည်းအဝေးမှ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ လုပ်ငန်းရပ် ၂၃ ခု အား အတည်ပြု၍ ရှစ်ခုအား မှတ်တမ်းတင်ခဲ့သည်။ ထို့နောက် (၄၇)ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာချက်အပေါ် အတည်ပြု ခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်၍ (၂၅)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးအား အောက်တိုဘာ ၂ ရက် ဒေသစံတော်ချိန်နံနက် ၉ နာရီတွင် ကျင်းပ ခဲ့ရာ အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများအကြား စားရေ ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (၂၀၁၆-၂၀၂၅)၊ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန် ရိက္ခာထားရှိရေး သဘောတူညီချက်၊ အာဆီယံ စားရေရိက္ခာဖူလုံရေး သတင်းအချက်အလက်အစီအစဉ် စသည်တို့နှင့် စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများ၊ ရေရှည်တည်တံ့သော သစ်တောကဏ္ဍစီမံခန့်ခွဲ ရေး၊ ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံ အာမခံ၊ စားသောက်ကုန်တန်ဖိုး ကွင်းဆက်မြှင့်တင် ရေးနှင့် တိရစ္ဆာန်နှင့် အပင်ရောဂါပိုးမွှားများ နယ်စပ်ဖြတ်ကျော်ရာတွင် ထိန်းချုပ်နိုင်ရေးစသည့်နယ်ပယ်များရှိ စီမံကိန်းများကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ဆွေးနွေးခဲ့ကြပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးသော အာဆီယံအပေါင်းသုံး စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး မဟာဗျူဟာ (၂၀၂၆-၂၀၃၅) အား အတည်ပြုခဲ့ကြသည်။ ထို့နောက် (၂၅)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
မွန်းလွဲပိုင်းတွင် ဒုတိယအကြိမ်မြောက် အာဆီယံ-ဂျပန် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများအစည်းအဝေးကိုကျင်းပရာ အာဆီယံ-ဂျပန်မီဒိုရီပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများအား ဆွေးနွေးခဲ့ကြပြီး စိုက်ပျိုးရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုများ မှတစ်ဆင့် ကြံ့ကြံ့ခံနိုင်ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးနှင့် စားရေရိက္ခာစနစ်များကို ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် ကတိကဝတ်ပြုခဲ့သည်။ ထို့နောက် အာဆီယံ-ဂျပန် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်အပေါ် အတည်ပြုခဲ့ကြပြီး အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။
သတင်းစဉ်